“အစိုးရဆေးရုံတွေမှာ ဆရာဝန်နဲ့ပြရဖို့ စောင့်ဆိုင်းရတဲ့အချိန် လျော့ကျစေရေးနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ပြည်သူတွေကို ရင်းနှီးနွေးထွေးစွာ ဆက်ဆံဖို့ ကျန်းမာရေးဝန်ကြီးမှာကြား”

04 May

ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း က ရန်ကုန်ပြည်သူ့ ဆေးရုံကြီး စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ သူနာပြုကြီးတွေနဲ့တွေ့ဆုံခဲ့ပြီး လူနာတွေ စောင့်ဆိုင်းရတဲ့ အချိန်ကာလ လျော့ကျစေဖို့နဲ့ လူနာပြုစုကုသမှုတွေ ပိုမိုစနစ်ကျစေဖို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်သူကနေ စိုက်ထုတ်ရတဲ့ ကုန်ကျငွေကို အတတ်နိုင်ဆုံးလျော့နည်းစေဖို့နဲ့ ကျန်းမာရေး ဝန်ထမ်းတွေက ပြည်သူများကို ရင်းနှီးနွေးထွေးစွာဆက်ဆံဖို့မှာကြားခဲ့သလို လူနာတွေအပေါ်ပိုမိုပြီး ဂရုစိုက် စောင့်ရှောက်ပေးဖို့ကိုလည်း မှာကြားခဲ့ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းတွေကို တိကျစွာလိုက်နာပြီး တာဝန် ထမ်းဆောင်ဖို့ မှာကြားခဲ့တဲ့အပြင် သေဆုံးသူလူနာတွေထားရှိတဲ့ (Mortuary)အဆောက်အအုံသစ်ကို သတ်မှတ် အချိန်ကာလအတွင်း အချိန်မီပြီးစီးအောင် ကြိုးစားဆောင်ရွက်ရန် မှာကြားခဲ့ပါတယ်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးဟာ လှိုင်သာယာပြည်သူ့ဆေးရုံကြီးကို ကွင်းဆင်းစစ်ဆေးပြီး လူနာတွေ သက်သောင့် သက်သာကုသမှုခံယူနိုင်ဖို့၊ ကုသမှုအရည်အသွေး ပိုမိုမြင့်မားစေဖို့၊ ဆေးစတိုမှာ ဆေးဝါးတွေ စနစ်တကျထားရှိဖို့၊ လူနာတွေကို စေတနာထားကုသပေးဖို့နဲ့ အဆောက်အအုံနဲ့ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပ စေရေး ဆောင်ရွက်ကြဖို့ မှာကြားခဲ့ကြောင်း သိရပါတယ်။ (NVS 004)

04 May

ADVERTISE HERE .