“ဘားအံမြို့၌ (အခွန်လွတ်)တောင်သူလယ်သမားဈေး ဖွင့်လှစ်ရောင်းချ”

03 May

ကရင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ၎င်းလုပ်ငန်း များအပေါ်အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အားပေးမြှင့်တင်နိုင်ရေးနှင့် ထုတ်ကုန်များကို သက်သာသော နှုန်းထားများဖြင့် စားသုံးသူလက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိစေရေးတို့ကို ရည်ရွယ်၍ ဘားအံမြို့၊ သီရိကွင်း၌ အမှန်တကယ်စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများ၏(အခွန်လွတ်)တောင်သူလယ်သမားဈေးကို မေလ ၂ ရက်တွင် ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရပါတယ်။ အဆိုပါ တောင်သူလယ်သမားဈေးတွင် သန့်ရှင်းလတ်ဆတ်၍ အာဟာရပြည့်ဝသော ကြက်၊ ဝက်၊ ဆိတ်၊ အမဲသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နွားနို့၊ ဒိန်ချဉ်၊ ပျားရည် အစရှိသော ဒေသထွက်မွေးမြူရေးထုတ်ကုန် အရောင်းဆိုင်ခန်းများ၊ ကန်စွန်းရွက်၊ မှို၊ မုန်လာဥ၊ ပဲတောင့်ရှည်၊ ခရမ်း၊ ခရမ်းချဉ်၊ ချဉ်ပေါင်၊ ဘူးသီး၊ အာလူး၊ ဖရုံသီး အစရှိသော ဒေသထွက်ဟင်းသီးဟင်းရွက်(စားဖိုဆောင်သီးနှံ) အရောင်းဆိုင်ခန်းများ၊ ကရင်ပြည်နယ် ဆန်ကုန်သည် ကြီးများအသင်းနှင့် ဆီကုန်သည်ကြီးများအသင်းတို့၏ ပြင်ပပေါက်ဈေးထက်သက်သာသော ဆန်အမျိုးမျိုး၊ စားသုံးဆီ၊ မြေပဲဆီ အရောင်းဆိုင်ခန်းများ စုစုပေါင်းအရောင်းဆိုင်ခန်းပေါင်း ၃၀ ကျော်ဖြင့် အရည်အသွေးပြည့်ဝသော စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို စားသုံးသူပြည်သူများထံ တိုက်ရိုက်ရောင်းချခြင်းခဲ့ပါတယ်။ အဆိုပါရောင်းချနေမှု အား ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံ ကြည့်ရှု အားပေးခဲ့ပါတယ်။ တောင်သူလယ်သမားဈေးတွင် အမှန်တကယ်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများမှ အများပြည်သူသို့ သက်သာ သောနှုန်းထားဖြင့် တိုက်ရိုက်ရောင်းချပေးခြင်းဖြစ်၍ ကုန်ဈေးနှုန်းလျော့နည်းကျဆင်းစေကာ ဒေသခံစိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများနှင့် စားသုံးသူများအတွက်ပါ အကျိုးရှိစေမှာဖြစ်ပါတယ်။ တောင်သူလယ်သမားဈေးကို လစဉ်ပထမ ပတ် စနေနေ့တိုင်းတွင် ဖွင့်လှစ်ရောင်းချပေးသွားမှာဖြစ်ပြီး နောင်လာမည့်အပတ်တွင် ဈေးဆိုင်ခန်းများ ပိုမိုတိုးချဲ့ ဖွင့်လှစ်နိုင်ရေးနှင့် ရောင်းချမည့်ကုန်ပစ္စည်းအရေအတွက် ပိုမိုတိုးတက်ရောင်းချနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရပါတယ်။(NVS 004)

03 May

ADVERTISE HERE .