“၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆိုလာရေတင်စီမံကိန်းအသစ်များ ဖော်ဆောင်လျက်ရှိ”

03 May

မကွေးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးမြေများ စိုက်ပျိုးရေရရှိရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆိုလာရေတင်စီမံကိန်းအသစ်များကို ဖော်ဆောင်လျက်ရှိကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရ ပါတယ်။ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ရှိ လှည်းကြီးရိုးမှ ဆိုလာစနစ်ဖြင့်ဆောင်ရွက်မည့် ကြေးချေ၊ ဆူးပန်း၊ သုံးထောင့် ဆိုလာရေတင်စီမံကိန်း ၃ ခု အကျိုးပြုဧကပေါင်း ၆၀၀ နှင့် ဧရာဝတီမြစ်မှ ဆိုလာစနစ်ဖြင့်ရေတင်ပြီး အကျိုးပြု ဧကပေါင်း ၄,၂၀၀ ကို စိုက်ပျိုးရေပေးဝေမည့် လျှပ်စစ်မြစ်ရေတင်စီမံကိန်း ၄ ခု ဖြစ်သည့် မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ပိုက်သင်ဆိုလာရေတင်၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ လက်ပံ၊ လက်ပံငူ ဆိုလာရေတင်နှင့် မကွေးခရိုင်၊ မကွေးမြို့နယ်ရှိ ပဌနဂိုရ် စသည့် ဆိုလာရေတင်စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဆိုပါ လုပ်ငန်းခွင်များအား ဧပြီလ ၃၀ ရက်နှင့် မေလ ၁ ရက်တို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခင်ဇော် နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအားလုံး သတ်မှတ်ထားသော ဒီဇိုင်းပုံစံများအတိုင်း အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာနယ်မြေများအလိုက် တောင်သူများအတွက် စိုက်ပျိုးရေ အပြည့်အဝပေးဝေနိုင်အောင်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး ဒေသခံ တောင်သူများနှင့်တွေ့ဆုံကာ ဒေသတွင်း စိုက်ပျိုးရေရရှိရေး လိုအပ်ချက်တင်ပြမှုများအပေါ် ညွှန်ကြားရေးမှူးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။(NVS 004)

03 May

ADVERTISE HERE .