“ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် အမှတ်(၅)အဆန်/အမှတ်(၆)အစုန် လူစီးအမြန်ရထားအား ခေတ်မီလေအေး ပေးစက်ပါ DEMU ရထားတွဲဆိုင်းများဖြင့် စတင်ပြေးဆွဲ”
02 May
ရထားစီးခရီးသွားပြည်သူများ ပိုမိုစိတ်ချမ်းမြေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် အမှတ်(၅)အဆန်နှင့် အမှတ်(၆)အစုန် လူစီးအမြန်ရထားများအား ခေတ်မီလေအေးပေးစက်ပါ DEMU တွဲဆိုင်းများဖြင့် မေလ ၁ ရက်မှစတင်၍ ပြေးဆွဲပေးနေကြောင်း သိရပါတယ်။ မေလ ၁ ရက်နံနက်ပိုင်းတွင် ရန်ကုန်ဘူတာကြီး အမှတ်(၁)စင်္ကြံ၌ အမှတ်(၅)အဆန် ရန်ကုန်-မန္တလေး ခေတ်မီ လေအေးပေးစက်ပါ DEMU ရထားခရီးစဉ် စတင်ပြေးဆွဲခြင်း အခမ်းအနားကိုကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မန္တလေးသို့ စီးနင်းလိုက်ပါမည့် ခရီးသည် များအား လိုက်လံနှုတ်ဆက်ကာ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပါတယ်။ ထို့အတူ မန္တလေးဘူတာကြီး၌ အမှတ်(၆)အစုန် မန္တလေး-ရန်ကုန် ခေတ်မီလေအေးပေးစက်ပါ DEMU ရထားခရီးစဉ် စတင်ပြေးဆွဲခြင်းအခမ်းအနားကို ကျင်းပခဲ့ပါတယ်။ အဆိုပါ အမှတ်(၅)အဆန်၊ အမှတ်(၆)အစုန် ခေတ်မီလေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်းတွင် ပထမတန်း လေးတွဲ၊ အထက်တန်း နှစ်တွဲ စုစုပေါင်းတွဲခြောက်တွဲဖြင့် ခရီးသည် ၃၁၂ ဦး လိုက်ပါစီးနင်းနိုင်ပြီး ခရီးသွား လက်မှတ်ခမှာ ခရီးစဉ်အစအဆုံး တစ်ဦးလျှင် ပထမတန်းငွေကျပ် ၃၄,၀၀၀ နှင့် အထက်တန်းငွေကျပ် ၄၈,၀၀၀ နှုန်း ကျသင့်မှာဖြစ်ပါတယ်။ ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်တစ်လျှောက် တိုးကြောင်ကလေး၊ ပဲခူး၊ ညောင်လေးပင်၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ ရမည်းသင်း၊ သာစည်၊ ကျောက်ဆည်ဘူတာ စုစုပေါင်း ကိုးဘူတာရပ်တန့်ပေးမည် ဖြစ်ပြီး အမှတ်(၅)အဆန် DEMU လူစီးအမြန်ရထားသည် ရန်ကုန်မှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ မန္တလေးသို့ ညနေ ၄ နာရီ၊ အမှတ်(၆)အစုန် DEMU လူစီးအမြန်ရထားသည် မန္တလေးမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ ရန်ကုန်သို့ ညနေ ၄ နာရီ ၁၀ မိနစ်တွင် ရောက်ရှိမှာဖြစ်ပါတယ်။(NVS 004)