“ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် အနီကတ်ပြစ်ဒဏ်နှင့် အဝါကတ်ပြစ်ဒဏ်တို့ကို စည်းမျဉ်းပြောင်းလဲ အသုံးပြုမည်”

01 May

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အနီကတ်နှင့် အဝါကတ်ပြစ်ဒဏ်တို့ အတွက် စည်းမျဉ်းပြောင်းလဲအသုံးပြုမည်ဖြစ်ကြောင်း B/R Football သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အဝါကတ်ပြစ်ဒဏ်အတွက် ယခင်က အုပ်စုပွဲစဉ်များမှစတင်ပြီး ရှုံးထွက်အဆင့်ပွဲစဉ်များထိ ကစားသမားများအနေဖြင့် နှစ်ပွဲဆက် အဝါကတ်ပြသခံခဲ့ရပါက တစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့သော်လည်း ယခုအခါ အုပ်စုပွဲစဉ်များမှ အဝါကတ်ပြသခံရမှုကို အုပ်စုပွဲစဉ်များတွင်သာ ထားမည်ဖြစ်ပြီး ရှုံးထွက်အဆင့်ရောက်ရှိပါက အုပ်စုပွဲစဉ်များမှ အဝါကတ်ပြသခံမှုကို ပယ်ဖျက်သွားမှာဖြစ်ပါတယ်။ အလားတူ အနီကတ်ပြစ်ဒဏ်အတွက်လည်း တစ်ဖက်အသင်းကစားသမားများက ဂျာစီဖြင့်ပါးစပ်ကိုအုပ်ပြီး အခြားပြိုင်ဘက် အသင်းကစားသမားများကို စကားပြောဆိုမည်ဆိုပါက တိုက်ရိုက်အနီကတ်ပြစ်ဒဏ် ချမှတ်ခံရမည့် စည်းမျဉ်းကို ပြောင်းလဲအသုံးပြုမှာဖြစ်ပါတယ်။ ယခုနှစ်ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် ကစားခဲ့သည့် ဘင်ဖီကာနှင့် ရီးရဲလ် မက်ဒရစ်အသင်းတို့ပွဲစဉ်တွင် ဘင်ဖီကာအသင်းမှ ပရီစတန်နီ က ဂျာစီဖြင့်ပါးစပ်ကိုအုပ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းမှ ဗီနီစီးယက်စ် အနားသို့သွားရောက်ကာ လူမျိုးရေးခွဲခြားသည့်စကားလုံးများ ပြောဆိုခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး နောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က လူမျိုးရေးခွဲခြားမှုများကို တားဆီးနိုင်ရန်အတွက် အနီကတ်ပြစ်ဒဏ်စည်းမျဉ်းကို ပြောင်းလဲ အသုံးပြုမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 008)

01 May

ADVERTISE HERE .