“အမေရိကန်က ဆယ်စုနှစ်များအတွင်း ပထမဆုံးအဖြစ် စီးပွားရေးတိုးတက်မှု ရပ်တန့်နေ”
30 Apr
အမေရိကန်နိုင်ငံသည် ဆယ်စုနှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် စီးပွားရေးတိုးတက်မှု ရပ်တန့်ပြီး ကုန်ဈေးနှုန်းကြီးမြင့်သည့်အခြေအနေသို့ ရောက်နေပြီဖြစ်ကြောင်း ဘီလျံနာရေးဒါလီယို က ပြောသည်။ ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းကို မှန်ကန်စွာခန့်မှန်းနိုင်ခဲ့သူဖြစ်သည့် ရေးဒါလီယို က တွေ့ဆုံ မေးမြန်းခန်းတစ်ခု၌ ယခုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲကြောင့် ကမ္ဘာ့အစီအစဉ်များပျက်ပြားနေပြီး အမေရိကန်ဗဟိုဘဏ် အနေဖြင့် ယခုအချိန်တွင် အတိုးနှုန်းလျှော့ချခြင်းမပြုရန်လည်း ၎င်းက သတိပေးထားသည်။ အမေရိကန်နိုင်ငံတွင် ၂၀၂၅ ခုနှစ် စတုတ္ထသုံးလပတ်အတွက် ဂျီဒီပီတိုးတက်မှုသည် သုည ဒသမ ၅ ရာခိုင်နှုန်းသာရှိတော့ပြီး ယခုနှစ် မတ်လအတွင်း ငွေကြေးဖောင်းပွမှုမှာ ၃ ဒသမ ၃ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်။ သို့သော်လည်း မတ်လအတွင်း အလုပ်လက်မဲ့နှုန်းမှာ ၄ ဒသမ ၃ ရာခိုင်နှုန်းသာရှိနေသဖြင့် ၁၉၇၀ ပြည့်လွန်နှစ်များကကဲ့သို့ ဆယ်ဂဏန်းအဆင့် အလုပ်လက်မဲ့နှုန်းမျိုး မဟုတ်သေးကြောင်းသိရသည်။