“၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပုစွန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၃ သန်းကျော်ရရှိ”
29 Apr
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ ရေထွက်ကုန်ကဏ္ဍတွင် ပြည်ပသို့ ပုစွန်တန်ချိန် တစ်သောင်းကျော်အထိ တင်ပို့နိုင်ခဲ့ရာ အမေရိကန်ဒေါ်လာ ၃၃ သန်းကျော်အထိ ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပုစွန် မက်ထရစ်တန်စုစုပေါင်း ၁၀,၅၈၁ ဒသမ ၅၂၄ တန် တင်ပို့ခဲ့ရာမှ အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၁၃၆ သန်း ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ပြည်ပသို့ ပုစွန်တင်ပို့မှုတွင် ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၂၇ သန်း ကျော်နှင့် နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှ ဒေါ်လာ ၅ သန်းကျော် ရရှိခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိတွင် မြန်မာ့ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် ဂျပန်အပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိရာ ပြည်တွင်းရေလုပ်ငန်းရှင်များအနေဖြင့် ယခုထက်ပိုမိုကျယ်ပြန့်သည့် ဈေးကွက်များရရှိရန် အထူးကြိုးပမ်းနေကြောင်း သိရပါတယ်။ အထူးသဖြင့် စံချိန်စံညွှန်းမြင့်မားပြီး ဈေးကွက်ခိုင်မာသည့် ဥရောပဈေးကွက် (European Market)သို့ တိုက်ရိုက်တင်ပို့နိုင်ရေးအတွက် ထုတ်ကုန်အရည်အသွေးမြှင့်တင်ခြင်းနှင့် စျေးကွက်ရှာဖွေခြင်းတို့ကို ပြည်တွင်းရေလုပ်ငန်းရှင်များက အားသွန်ခွန်စိုက်လုပ်ဆောင်လျက်ရှိပါတယ်။(NVS 004)