“အမေရိကန်နှင့်တင်းမာမှု ပြေလည်စေရန် အီရန်က ကမ်းလှမ်းချက်အသစ်ပေး”
28 Apr
အမေရိကန်နှင့်အီရန်တို့ကြား တင်းမာမှုပြေလျော့ရေးအတွက် ဟော်မုရေလတ်ကြား ပြန်ဖွင့်ပေးရန်နှင့် စစ်ပွဲအဆုံးသတ်ရန် အီရန်က အမေရိကန်ထံသို့ ကမ်းလှမ်းချက်အသစ်တစ်ခုပေးကြောင်း Axios သတင်းဌာနက ဧပြီလ ၂၇ ရက်တွင် ဖော်ပြထားသည်။ အဆိုပါ ကမ်းလှမ်းချက်သည် အဓိကအကျပ်အတည်းဖြစ်သည့် နျူကလီးယားဆိုင်ရာ ဆွေးနွေးမှုများကို နောက်ဆုံးမှသာ ဆွေးနွေးရန်နှင့်လက်ရှိတင်းမာမှုများကို ဦးစွာဖြေရှင်းရန် အီရန်က အဆိုပြုထားခြင်းဖြစ်သည်။ ထိုကမ်းလှမ်းချက်ကို အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်အာရတ်ချီက ပါကစ္စတန်၊ အီဂျစ်၊ တူကီယဲနှင့် ကာတာနိုင်ငံတို့ရှိ ကြားဝင်စေ့စပ်ပေးများမှတစ်ဆင့် အမေရိကန်အစိုးရထံသို့ ပေးပို့ခြင်း ဖြစ်သည်။ အီရန်၏အဆိုပြုချက်တွင် အဆင့် ၃ ဆင့်ပါဝင်ပြီး ပထမအဆင့်မှာ တိုက်ခိုက်မှုများ ရပ်စဲရေးနှင့်အီရန်နှင့် လက်ဘနွန်တို့အပေါ် နောက်ထပ်မတိုက်ခိုက်ရေး အာမခံချက်ရယူရန်၊ ဒုတိယအဆင့်မှာ အိုမန်နိုင်ငံနှင့်ပူးပေါင်း ကာ ဟော်မုရေလတ်ကြား စီမံခန့်ခွဲမှုအတွက် ဥပဒေကြောင်းအရ စနစ်အသစ်တစ်ခုဖော်ဆောင်ရန်နှင့်တတိယ အဆင့်မှာ နျူကလီးယားကိစ္စဆွေးနွေးရန် ဖြစ်သည်။ သို့သော် အမေရိကန်ဘက်ကမူ အီရန်၏နျူကလီးယား အစီ အစဉ်ကို ဖျက်သိမ်းပြီး သန့်စင်ပြီး ယူရေနီယံအားလုံးကို လွှဲပြောင်းပေးရန် တောင်းဆိုထားဆဲဖြစ်သည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။