“အမေရိကန်နှင့်အီရန် ထိပ်တိုက်တွေ့မှုကြောင့် ဥရောပသမဂ္ဂတွင် နိုင်ငံရေးအကျပ်အတည်း ဖြစ်လာနိုင်ဟု ဆို”
28 Apr
အမေရိကန်နှင့်အီရန်တို့ကြား ဖြစ်ပွားနေသည့် ထိပ်တိုက်တွေ့ဆုံမှုများသည် စီးပွားရေးရိုက်ခတ်မှုအပြင် ဥရောပသမဂ္ဂ(EU)အတွက် နိုင်ငံရေးအကျပ်အတည်းအထိ ဖြစ်လာနိုင်ကြောင်း ဥရောပတာဝန်ရှိသူများ၏ ပြောဆိုမှုကိုကိုးကား၍ သတင်းဌာနများ ကဖော်ပြထားသည်။ လောင်စာဆီကုန်ကျစရိတ် မြင့်တက်လာမှုသည် စားသောက်ကုန်၊ သယ်ယူပို့ဆောင်ရေးနှင့်အိမ်ရာစရိတ်များအပေါ် သက်ရောက်မှုရှိနေပြီး ဝင်ငွေနည်းပါးသည့် မိသားစုများတွင်အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ ဥရောပစီးပွားရေးနှင့်လူမှုရေးကော်မတီအကြီးအကဲ ရှီးမတ် ဘိုလန်က ယခုအခြေအနေသည် နိုင်ငံအလိုက်အစိုးရများအပေါ်တွင်သာမက ဥရောပသမဂ္ဂအပေါ်တွင်ပါ ပြည်သူ များ၏ယုံကြည်မှုလျော့နည်းလာစေနိုင်ကြောင်း သတိပေးသည်။ ထို့ပြင် ယခုအကျပ်အတည်းကြောင့် နိုင်ငံအသီးသီး၌ ကိုယ်ကျိုးစီးပွားဦးစားပေးသည့်ဝါဒများကို ပိုမို အားပေးလာမည့်အန္တရာယ် ရှိနေကြောင်း ၎င်းကဆက်ပြောသည်။ အမေရိကန်ရေတပ်သည် ဧပြီလ ၁၃ ရက်မှ စတင်ကာ ကမ္ဘာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်းခန့်ဖြတ်သန်းရာ ဟော်မုရေလက်ကြားတစ်လျှောက်တွင် ရှိသော အီရန်ဆိပ်ကမ်းများသို့ ဝင်ထွက်မည့် ရေကြောင်းကုန်သွယ်မှုအားလုံးကို ပိတ်ဆို့ ထားသည်။ အမေရိကန်အစိုးရက အီရန်သို့ အခွန်ပေးဆောင်ခြင်းမပြုသည့်နိုင်ငံများမှ သင်္ဘောများကိုသာ ဖြတ်သန်း ခွင့်ပြုမည်ဟု ကြေညာထားခြင်းကြောင့် ဒေသတွင်းတင်းမာမှု ပိုမိုမြင့်တက်နေခြင်းဖြစ်သည်ဟု Sputnik သတင်းဌာနဖော်ပြချက်အရ သိရသည်။