“စွမ်းအင်လုံခြုံမှုအတွက် စက်သုံးဆီတံတားများနှင့် သိုလှောင်ကန်များကို မြေနေရာချထားပေးပြီးဖြစ်”
28 Apr
နိုင်ငံ၏ စွမ်းအင်လုံခြုံမှုအတွက် စက်သုံးဆီတံတားများနှင့် သိုလှောင်ကန်များကို မြေနေရာချထားပေးပြီး ဖြစ်လို့ ပုဂ္ဂလိကလုပ်ငန်းရှင်များက ဆက်လက်ရင်းနှီးမြှုပ်နှံ တည်ဆောက်လုပ်ကိုင်ကြရန် ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး က Myanmar International Terminal Thilawa (MITT)ရှိ အစည်းအဝေးခန်းမမှာ သီလဝါဆိပ်ကမ်းဧရိယာရှိ BOT ဆိပ်ကမ်းတံတားများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီးက ဆိပ်ကမ်းလုပ်ငန်းစွမ်းဆောင်မှုကို မြှင့်တင်နိုင်ရေးအတွက် ဒစ်ဂျစ်တယ်စနစ်ဖြင့် အသွင်ကူးပြောင်း ဆောင်ရွက်ကြရန်၊ စွမ်းအင်သုံးစွဲမှု လျှော့ချနိုင်ရေးအတွက် ဆိုလာစနစ်ကို အစားထိုးသုံးစွဲကြရန် နှင့် ဘက်ထရီစနစ်သုံး ကုန်ကိုင်တွယ် စက်ကိရိယာများနှင့် ယာဉ်များကို ပြောင်းလဲ အသုံးပြုကြရန်လည်း တိုက်တွန်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ပြည်ထောင်ဝန်ကြီးက မြန်မာနိုင်ငံ၏ နှစ်စဉ်ပင်လယ်ရေကြောင်းနဲ့ ကုန်သွယ်မှုတန်ဖိုးက နိုင်ငံတကာကုန်သွယ်မှုတန်ဖိုး၏ ပျမ်းမျှ ၇၀ ရာနှုန်းရှိသဖြင့် ပင်လယ်ရေကြောင်းနဲ့ ကုန်သွယ်မှု၏ အဓိကဝင်/ထွက် ပေါက်ဖြစ်သော ရန်ကုန်နှင့် သီလဝါဧရိယာရှိ ဆိပ်ကမ်းတံတားများအပါအဝင် ဆိပ်ကမ်းလုပ်ငန်းကဏ္ဍတစ်ခုလုံး စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို အလေးထားဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ ရန်ကုန်ဆိပ်ကမ်း၏ ကုန်ကိုင်တွယ်ရရှိမှုပမာဏကို မြှင့်တင်နိုင်ရန် ပြည်တွင်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းအပြင် နိုင်ငံ၏မဟာဗျူဟာမြောက် ပထဝီဝင်အနေအထားကို အကျိုးရှိစွာ အသုံးချပြီး အိမ်နီးချင်းနိုင်ငံများ၏ ပို့ကုန်/သွင်းကုန်များကိုပါ သယ်ယူပို့ဆောင်ပေးနိုင်မည့် ကုန်း-ရေနှစ်သွယ် ဘက်စုံ သယ်ယူပို့ဆောင်ရေးစနစ်ကို အကောင်အထည်ဖော်ရန်လိုအပ်ကြောင်း၊ ဒါကြောင့် ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် ရေယာဉ်လွှဲပြောင်းတင်ဆောင်ခြင်း (Transshipment) ဝန်ဆောင်မှုနှင့် နိုင်ငံဖြတ်သန်းကုန်သွယ်မှု (Transit Trade) ဝန်ဆောင်မှုများကို ပေးနိုင်ရန် အဆင်သင့်ဖြစ်မှုအတွက် ဆိပ်ကမ်းတံတားများကို ဆက်လက်တိုးချဲ့တည်ဆောက် လုပ်ကိုင်ကြရန် လိုအပ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ (NVS 004)