“ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ခိုင်မာစွာရပ်တည်ဆောင်ရွက်မည်ဟု ပါကစ္စတန်ဝန်ကြီးချုပ် ပြောကြား”
27 Aprပါကစ္စတန်နိုင်ငံအနေဖြင့် ဒေသတွင်းငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ခိုင်မာစွာရပ်တည်ဆောင်ရွက် မည်ဖြစ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် ရှာဗတ်ရှာရစ်က အီရန်သမ္မတ မာဆော့ပါဇက်ကီရှန် အား ဖုန်းဖြင့် ဆွေးနွေးပြောကြားခဲ့ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ ခေါင်းဆောင်နှစ်ဦးသည် ဆွေးနွေးမှုတွင် လက်ရှိဒေသတွင်း အခြေအနေများနှင့် ငြိမ်းချမ်းရေးနှင့်လုံခြုံရေးမြှင့်တင်ရန် အကြောင်းအရာများ ကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ပါကစ္စတန်နိုင်ငံအနေဖြင့် ဒေသတွင်းငြိမ်းချမ်းရေးနှင့် လုံခြုံရေးမြှင့်တင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်မည်ဟု ပါကစ္စတန်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ အစ္စလာမ္မာဘတ်၌ ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အီရန်အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ခြင်းအပေါ် အသိအမှတ်ပြုကြောင်း ၎င်းကပြောကြားသည်။ မိမိအနေဖြင့် ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်များနှင့် ထိတွေ့ဆက်ဆံမှုများဆောင်ရွက်ခဲ့ပြီး ၎င်းထိတွေ့ဆက်ဆံမှုများမှတစ်ဆင့် သဘောတူညီ ချက်များ ရရှိမည်ဖြစ်ကာ ဒေသတွင်းငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်မည်ဟု ၎င်းကပြောကြားသည်။ ပါကစ္စတန် နိုင်ငံ၏ ငြိမ်းချမ်းရေးဆိုင်ရာကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုကြောင်း အီရန်သမ္မတ မာဆော့ပါဇက် ကီရှန် က ပြောကြားသည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။