“အိမ်ဖြူတော်သတင်းထောက်များအသင်း ညစာစားပွဲတွင် ထရမ့်ကို ပစ်မှတ်ထားသည့် ပစ်ခတ်မှုဖြစ်ပွား”

27 Apr

အိမ်ဖြူတော်သတင်းထောက်များအသင်း ညစာစားပွဲတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကို ပစ်မှတ် ထားသည့်ပစ်ခတ်မှုတစ်ခု ဧပြီလ ၂၅ ရက် ညပိုင်းတွင်ဖြစ်ပွားသည်။ ဝါရှင်တန်ဟီတန်ဟိုတယ် လုံခြုံရေးစစ်ဆေး ရေးဂိတ်တွင် အမျိုးသားတစ်ဦးက လုံခြုံရေးအေးဂျင့်တစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သံသယရှိသူကို ဖမ်းဆီးရမိထားကြောင်း အစိုးရရှေ့နေချုပ်က ဧပြီလ ၂၆ ရက်တွင်ပြောသည်။ သံသယရှိသူသည် ကယ်လီဖိုးနီးယား ပြည်နယ်သား အသက် ၃၁ နှစ်ရှိ ကိုးတောမတ်အယ်လန်ဖြစ်သည်။ သံသယရှိသူသည် လော့အိန်ဂျလိမှတစ်ဆင့် ဝါရှင်တန်သို့ ရထားဖြင့် လာရောက်ခြင်းဖြစ်ပြီး ၎င်းသည် စိတ်မကျန်းမာသူတစ်ဦးဖြစ်ပုံရကြောင်း အိမ်ဖြူတော် တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတ ထရမ့်က ပြောကြားခဲ့သည်။ ပစ်ခတ်မှုဖြစ်ပွားချိန်တွင် သမ္မတထရမ့်နှင့်ဇနီးတို့ကို အခမ်းအနားမှ အရေးပေါ်ခေါ်ထုတ်သွားခဲ့ရပြီး ပစ်ခတ်ခံရသည့် လုံခြုံရေးအေးဂျင့်မှာ ကျည်ကာအင်္ကျီကြောင့် အသက်ဘေးမှလွတ်မြောက်ခဲ့ကာ ဆေးရုံမှ ဆင်းခွင့်ရရှိသွားပြီဖြစ်သည်။ သံသယရှိသူထံမှ ပြောင်းတိုသေနတ်၊ ပစ္စတိုနှင့် ဓားအမြောက်အမြား သိမ်းဆည်း ရမိပြီး ၎င်းကို အစိုးရအရာရှိကိုလုပ်ကြံရန် ကြိုးပမ်းမှုအပါအဝင် ပုဒ်မများစွာတပ်ပြီး တရားစွဲဆိုသွားမည် ဖြစ်သည်။ ယခုဖြစ်စဉ်သည် ၂၀၂၄ ခုနှစ်နောက်ပိုင်း ဒေါ်နယ်ထရမ့် ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းသည့် တတိယမြောက် ဖြစ်စဉ်ဖြစ်ကြောင်း NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။

27 Apr

ADVERTISE HERE .