“ဓာတ်သတ္တုသယံဇာတများ တိုးချဲ့ရှာဖွေပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည်”
27 Apr
ဓာတ်သတ္တုကဏ္ဍက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအခန်းကဏ္ဍမှပါဝင်နေ၍ ဌာနအလိုက် ပညာရှင်များအနေနဲ့ ဓာတ်သတ္တုသယံဇာတများကို တိုးချဲ့ရှာဖွေပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ကြရန် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး က တိုက်တွန်းပြောကြားခဲ့ပါတယ်။ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန၏ ဓာတ်သတ္တုဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြတဲ့ အစည်းအဝေးကို ဧပြီလ ၂၅ ရက်က ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီး က နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်တဲ့ သုတေသနစွမ်းဆောင်ရည်မြှင့်တင်ခြင်း လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ကြရန်၊ အရေးပါသောတွင်းထွက်ဓာတ်သတ္တုများ ရှာဖွေစမ်းသပ် တိုင်းတာခြင်းများကို ဦးစားပေးဆောင်ရွက်သွားရန်၊ ခေတ်မီအတတ်ပညာနှင့် နည်းပညာများကို စဉ်ဆက်မပြတ် လေ့လာကြရန်နှင့် တရားမဝင်တူးဖော်မှုများမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန် ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံဘူမိဗေဒနှင့် ဘူမိသိပ္ပံဆိုင်ရာ နည်းပညာရပ်များ၊ ဓာတ်သတ္တုသယံဇာတဖြစ်ထွန်းမှုများနှင့် အရေးပါသော တွင်းထွက်များရှာဖွေခြင်း၊ စမ်းသပ်တိုင်းတာခြင်းနှင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာခြင်း စသည့်လုပ်ငန်း ဆောင်ရွက်မှုများကို လုပ်ဆောင်နေကြောင်းလည်း သိရပါတယ်။(NVS 008)