“နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi တွေ့ဆုံ”

25 Apr

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဥ်ရောက်ရှိလာသည့် တရုတ်ကွန် မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi တို့ ဧပြီလ ၂၅ ရက်က နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌တွေ့ဆုံခဲ့ကြပါတယ်။ တွေ့ဆုံစဥ် နိုင်ငံတော်သမ္မတက တရုတ်နိုင်ငံသမ္မတအနေဖြင့် မိမိကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက် ပြီး နာရီပိုင်းအတွင်း ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို ပထမဆုံးပေးပို့ပြီး အလေးအနက်ထားမှုကို ပြသပေးမှု အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးအနေဖြင့်လည်း မိမိဦးဆောင်သည့်အစိုးရအဖွဲ့ တာဝန်ယူဆောင်ရွက်ချိန်တွင် ပထမဆုံးလာရောက် မှုအပေါ် ကျေးဇူးတင်ရှိကြောင်းနှင့် မိမိတို့အစိုးရအဖွဲ့ တာဝန်ယူချိန်အတွင်း မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ Mr. Wang Yi က အဆွေတော်အနေဖြင့် မြန်မာနိုင်ငံသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရမှုအပေါ် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင် မှ ဝမ်းမြောက်ဂုဏ်ယူကာ ဆုမွန်ကောင်းတောင်းပေးလိုက်ပြီး တရုတ်နိုင်ငံ အနေဖြင့် အဆွေတော်ကို သမ္မတကြီးအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး နာရီပိုင်းအတွင်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ခြင်းနှင့် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်တက်ရောက်စေခြင်းမှာ မြန်မာနိုင်ငံ နှင့် မြန်မာပြည်သူလူထုတို့အပေါ်၌ မိမိတို့နိုင်ငံအနေဖြင့် အလေးအနက်ထားမှုကို ပြသခြင်းဖြစ်ပါကြောင်း၊ အဆွေတော်၏ ဦးဆောင်မှုအောက်တွင် မြန်မာနိုင်ငံအနေဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီး ဖြစ်လာမည်ဟုယုံကြည်ပါကြောင်း၊ နှစ်နိုင်ငံကြား နိုင်ငံတော်နှင့် ပြည်သူလူထုတို့၏ လူမှုစီးပွားဘဝ အကျိုးဖြစ်ထွန်း စေမည့်ကိစ္စရပ်များကို အရှိန်အဟုန်မြှင့်တင်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံအကြား နိုင်ငံတော်နှင့် ပြည်သူလူထုတို့၏ လူမှုစီးပွားဘဝအကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များကို အရှိန်အဟုန်မြှင့်တင်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံ အပေါ် ဆက်လက်ရပ်တည် ထောက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ထို့နောက် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံမှုနှင့် ချစ်ကြည်ရင်းနှီးမှုများတိုးတက်ကောင်းမွန်လျက်ရှိမှု၊ အေးအတူပူမျှအသိုက်အဝန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေနှင့်ကိုက်ညီသော ပြည်သူများ၏ထောက်ခံမှုကိုလည်း ရရှိနိုင်သည့် အောင်မြင်မှုလမ်းကြောင်းကို ချီတက်ရန် စွဲစွဲမြဲမြဲထောက်ခံအားပေးလျက်ရှိမှု၊ မြန်မာနိုင်ငံ၏ နိုင်ငံတော်အချုပ်အခြာအာဏာနှင့် နယ်မြေလုံခြုံရေး၊ တည်တံ့ ခိုင်မြဲရေးကို စွဲစွဲမြဲမြဲထောက်ခံအားပေးလျက်ရှိမှု၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားရင်ကြားစေ့ရေးနှင့် လူ့ဘောင်အဖွဲ့အစည်းသဟဇာတဖြစ်မှုကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စွဲစွဲမြဲမြဲ ထောက်ခံအားပေး လျက်ရှိမှု၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ကုန်စည်ကူးသန်းရောင်းဝယ်မှုများ လွယ်ကူလျင်မြန်ချောမွေ့စေရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးတို့တွင် နှစ်ဦးနှစ်ဖက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် မန္တလေးငလျင်ကြီးကြောင့် ဖြစ်ပေါ်ခဲ့သည့် ထိခိုက်ပျက်စီးခဲ့ရမှုများအား ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် တရုတ်နိုင်ငံအနေဖြင့် ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည့်အခြေအနေ၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်နှင့် အာဆီယံအသိုက်အဝန်းတို့အတွင်း ပူးပေါင်းဆောင်ရွက် မှုများကို မြှင့်တင်ဆောင်ရွက်သွားနိုင်မည့်အခြေအနေ၊ မြန်မာနိုင်ငံတွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက် ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ပြည်သူများကရွေးချယ်သည့် အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်အား ဒီမိုကရေစီ လမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိ၍ အာဆီယံအဖွဲ့အတွင်း ပါဝင်ဆောင်ရွက်မှု များကို ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ဆက်လက်ပြီး မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင် ၏ အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပြောကြားထားသည့် အကြံပြုချက်(၄)ချက်အပေါ် ထောက်ခံလျက်ရှိမှု၊ နှစ်နိုင်ငံ နယ်စပ်ဒေသ ကုန်သွယ်မှု၊ စွမ်းအင်နှင့်သတ္တုကဏ္ဍ၊ စိုက်ပျိုးရေးနှင့် နည်းပညာကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက် မှုများကို မြှင့်တင်ဆောင်ရွက်သွားနိုင်ရေး၊ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ပူးပေါင်း တိုက်ဖျက်ရေး၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။(NVS 004)

25 Apr

ADVERTISE HERE .