“နည်းပြ ဂွာဒီယိုလာ ထွက်ခွာခဲ့ပါက နည်းပြမာရက်စ်ကာနှင့် အစားထိုးရန် မန်စီးတီးအသင်းစီစဉ်”
25 Apr
မန်စီးတီးအသင်းကို အောင်မြင်မှုများရရှိအောင် စွမ်းဆောင်ပေးထားသည့် နည်းပြ ဂွာဒီယိုလာ က ယခုနှစ် ဘောလုံးရာသီကုန်တွင် အသင်းမှထွက်ခွာရန် သတင်းထွက်ပေါ်ခဲ့တာကြောင့် အသင်းတာဝန်ရှိသူများက ၎င်းနေရာတွင် ချဲလ်ဆီးအသင်း နည်းပြဟောင်း မာရက်စ်ကာ နှင့်အစားထိုးရန် စီစဉ်ထားကြောင်း Daily Mail သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ နည်းပြ ဂွာဒီယိုလာ ဟာ မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဆု ခြောက်ကြိမ်၊ ချန်ပီယံလိဂ် တစ်ကြိမ်၊ ဖီဖာကလပ်ကမ္ဘာ့ဖလား တစ်ကြိမ်၊ ဥရောပစူပါဖလား တစ်ကြိမ်၊ အက်ဖ်အေဖလား နှစ်ကြိမ်၊ ကွာရာဘောင်းဖလား ငါးကြိမ်ရယူ၍ အသင်းကို အောင်မြင်မှုများရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ၎င်းကို အီတလီအသင်းက နည်းပြသစ် အဖြစ်ခန့်အပ်ရန် ကြိုးပမ်းနေတဲ့အတွက် လက်ရှိဘောလုံးရာသီအကုန်တွင် အသင်းမှထွက်ခွာရန် သတင်းများ ထွက်ပေါ်နေခြင်းဖြစ်ပါတယ်။ ဒါကြောင့် မန်စီးတီးအသင်းတာဝန်ရှိသူများက နည်းပြ ဂွာဒီယိုလာ ထွက်ခွာသွားပါက နည်းပြ မာရက်စ်ကာ ကို ဦးစားပေးခန့်အပ်နိုင်ရန်ဆုံးဖြတ်ခဲ့ပါတယ်။ နည်းပြ မာရက်စ်ကာ ဟာ ချဲလ်ဆီးအသင်းကို စတင်တာဝန်ယူချိန်တွင် လူငယ်ကစားသမားများဖြင့် အသင်းကို တိုးတက်မှုရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဖီဖာကလပ်ကမ္ဘာ့ဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်း ကြောင့် မန်စီးတီးအသင်းတာဝန်ရှိသူများက အတွေ့အကြုံကောင်းများရှိတဲ့ နည်းပြ မာရက်စ်ကာ ကို အစားထိုးရန် စီစဉ်ထားခြင်းဖြစ်ပါတယ်။(NVS 008)