“နိုင်ငံတကာဆက်ဆံရေးတွင် ရန်သူကို ကြားနေ၊ ကြားနေကို မိတ်ဆွေနှင့် မိတ်ဆွေကို မဟာမိတ်ဖြစ်အောင် ဆောင်ရွက်ရမည်”

24 Apr

နိုင်ငံတကာဆက်ဆံရေးတွင် ရန်သူကို ကြားနေ၊ ကြားနေကို မိတ်ဆွေနှင့် မိတ်ဆွေကို မဟာမိတ် ဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ က ဧပြီလ ၂၃ တွင်ပြုလုပ်သည့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများအား တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း သိရပါတယ်။ အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအဖွဲ့၏ရက်ပေါင်း ၁၀၀ စီမံကိန်းတွင် ပေးအပ်ထားသော ရည်မှန်းချက်တာဝန်များကို ကာလတိုအတွင်းအောင်မြင်အောင် ဆောင်ရွက်ရန်မှာကြားခဲ့ပြီး လက်ရှိအစိုးရ၏ အနာဂတ်ဆောင်ရွက်မည့် အစီအစဉ်များကို အသိပေးပြောကြားခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီးဌာနသည် နိုင်ငံ့စွမ်းအား ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရာတွင် အရေးပါသည့် ဝန်ကြီးဌာနဖြစ်ကြောင်း၊ တာဝန်သိသိသစ္စာရှိရှိဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးနှင့် ဝန်ကြီးဌာနအကျိုးကို မိသားစု သဖွယ်စိတ်ဓာတ်ဖြင့် ထမ်းဆောင်သွားရန်လိုအပ်ကြောင်းပြောကြားခဲ့ပါတယ်။ ထို့အတူ ပြည်ပတွင် သွားရောက်တာဝန်ထမ်းဆောင်ကြသည့် ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံရပ်ခြားတွင် ရငွေနှင့်သုံးငွေ မျှတစွာသုံးစွဲရန်၊ သားသမီးများ ပြည်ပတွင် ပညာသင်ကြားရာ၌ မိမိတို့နိုင်ငံအပေါ် မျိုးချစ်စိတ်ရှိရန်၊ အမျိုး၊ ဘာသာ၊ သာသနာကို တန်ဖိုးထားတတ်စေရေး သင်ကြားပေးရန်လိုကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဝန်ထမ်းများ အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် လုပ်ငန်းများ အောင်အောင်မြင်မြင်ဖြစ်အောင် ပူးပေါင်းဆောင်ရွက် သွားကြရန်ပြောကြားခဲ့ပါတယ်။ (NVS 004)

24 Apr

ADVERTISE HERE .