“ဘာစီလိုနာအသင်းက ဘယ်ဒီ နှင့် ခွန်ဒီ တို့အနက် တစ်ဦးကိုရောင်းချရန်ဆုံးဖြတ်”
24 Apr
ဘာစီလိုနာအသင်းက ယခုနှစ်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းခံစစ်ပိုင်းက ဘယ်ဒီ သို့မဟုတ် ခွန်ဒီ တို့အနက်မှ တစ်ဦးကိုရောင်းချရန် ဆုံးဖြတ်ထားကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ယနေ့တွင် ဖော်ပြခဲ့ပါတယ်။ ဘယ်ဒီ အနေနဲ့ ဘာစီလိုနာအသင်းအကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ်က အသင်းတွင် စတင်ပါဝင်ခဲ့ကာ အစောပိုင်းနှစ်များက အဓိကကစားသမားအဖြစ် ပါဝင်ခဲ့သော်လည်း နောက်ပိုင်းနှစ်များတွင် ဒဏ်ရာပြဿနာများနှင့်သာ ရုန်းကန်နေရတဲ့အတွက် ယခုနှစ်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ရောင်းချရန်စီစဉ်နေခြင်း ဖြစ်ပါတယ်။ အလားတူ ခွန်ဒီ ကလည်း ၂၀၂၂ ခုနှစ်က ဆီဗီလာအသင်းမှ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး အသင်းနှင့် အတူ အစောပိုင်းနှစ်များက ခြေစွမ်းပြသခဲ့ကာ အဓိကကစားသမားအဖြစ် ပါဝင်ခဲ့သော်လည်း ယခုနှစ်ဘောလုံး ရာသီတွင် ခြေစွမ်းပိုင်းကျဆင်းနေမှုများကြောင့် ပြန်လည်ရောင်းချရန် ဆုံးဖြတ်ထားခြင်းဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက လက်ရှိတွင် ဘယ်ဒီ နှင့် ခွန်ဒီ တို့မှ မည်သူ့အားရောင်းချမည်ကို အတည်ပြုထားခြင်း မရှိသေးသော်လည်း ၎င်းတို့နှစ်ဦးမှ တစ်ဦးကို ရောင်းချမည်ဆိုပါက ပရီးမီးယားလိဂ်ကလပ် အသင်းများက အပြိုင်ခေါ်ယူဖွယ်ရှိနေကြောင်း သိရပါတယ်။(NVS 008)