“ပြိုင်ပွဲပြီးဆုံးဖို့ ၄ ပွဲအလိုမှာ ဘွန်ဒစ်လီဂါချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်း”
20 Apr
ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ၂၀၂၅-၂၆ ရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲပြီးဆုံးဖို့ ၄ ပွဲအလိုမှာပဲ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက စတုဂတ်အသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး လက်ရှိရာသီပြိုင်ပွဲပြီးဆုံးဖို့ ၄ ပွဲ အလိုမှာပဲ ဒုတိယနေရာက ဒေါ့မွန်အသင်းကို ၁၅ မှတ်ဖြတ်ထားနိုင်ခဲ့တာကြောင့် ချန်ပီယံဆုရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဘွန်ဒစ်လီဂါချန်ပီယံဆုကို နောက်ဆုံး ၁၄ ရာသီအတွင်း ၁၃ ကြိမ်မြောက် ရရှိခြင်းဖြစ်ခဲ့သလို၊ အသင်းရဲ့သမိုင်းတစ်လျှောက် ၃၅ ကြိမ်မြောက်ရရှိတဲ့ အမှတ်ပေးချန်ပီယံဆုလည်း ဖြစ်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ် အသင်းက လက်ရှိရာသီမှာ ဘွန်ဒစ်လီဂါသမိုင်းတစ်လျှောက် တစ်ရာသီအတွင်း သွင်းဂိုးအများဆုံးအသင်းအဖြစ် စံချိန်တင်နိုင်ခဲ့ပြီး လက်ရှိအချိန်မှာ ၁၀၉ ဂိုး သွင်းယူထားတာကြောင့် ရာသီအဆုံးသတ်ချိန်မှာ ဂိုး ၁၂၀ အထိ သွင်းယူနိုင်ခြေရှိကြောင်း ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။ (NVS 008)