“မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည်များ ပစ်လွှတ်ဟု တောင်ကိုရီးယားထုတ်ပြန်”
20 Apr
မြောက်ကိုရီးယားနိုင်ငံသည် ဧပြီလ ၁၉ ရက်နံနက်ပိုင်းတွင် အရှေ့ဘက်ပင်လယ်ပြင်သို့ တာတိုပစ် ဒုံးကျည်များကိုပစ်လွှတ်ကြောင်း တောင်ကိုရီးယားစစ်ဘက်က ထုတ်ပြန်ထားသည်။ ယင်းဒုံးကျည်များကို နံနက် ၆ နာရီ ၁၀ မိနစ်ခန့်တွင် မြောက်ကိုရီးယားနိုင်ငံ ဆင်းဖိုဒေသမှ ပစ်လွှတ်ခြင်းဖြစ်ပြီး ဒုံးကျည်များမှာ ကီလိုမီတာ ၁၄၀ ခန့် ပျံသန်းသွားကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တောင်ကိုရီးယားစစ်ဘက်သည် အမေရိကန်နှင့်ပူးပေါင်း၍ မြောက်ကိုရီးယား၏လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်နေပြီး ရန်စမှုမှန်သမျှကို ပြင်းပြင်းထန်ထန်တုံ့ပြန်ရန်အသင့်ရှိနေကြောင်း ပူးတွဲစစ်ဦးစီးချုပ်များရုံး၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုနှင့်ပတ်သက်သည့် အချက်အလက်များကို တောင်ကိုရီးယားနှင့် အမေရိကန်ထောက်လှမ်းရေးအဖွဲ့များက ခြေရာခံပြီး ဂျပန်နိုင်ငံသို့လည်း သတင်းအချက်အလက်များ မျှဝေပေး ထားသည်။ ယခုပစ်လွှတ်မှုတွင် ရေငုပ်သင်္ဘောအခြေပြုပဲ့ထိန်းဒုံးကျည် (SLBM) များ ပါဝင်နိုင်ခြေ ရှိ၊ မရှိ တောင်ကိုရီးယားစစ်ဘက်က သုံးသပ်လျက်ရှိသည်။ ဆင်းဖိုဒေသသည် ရေငုပ်သင်္ဘောကိုအခြေပြု၍ ဒုံးကျည်များ ပစ်လွှတ်ရာနေရာတစ်ခုဖြစ်ကြောင်း Yonhap သတင်းဌာနဖော်ပြချက်အရ သိရသည်။