“ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ကိုယ်စားလှယ်အဖွဲ့က ကွမ်ကျိုးမြို့ရှိ စွန့်ပစ်အမှိုက်များမှ လျှပ်စစ်ဓာတ်အားထုတ်ယူသည့် စက်ရုံများကြည့်ရှုလေ့လာ”
20 Apr
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ကိုယ်စားလှယ်အဖွဲ့က ဧပြီလ ၁၉ ရက်မှာ ကွမ်ကျိုးမြို့ရှိ စွန့်ပစ်အမှိုက်များမှ လျှပ်စစ်ဓာတ်အားထုတ်ယူတဲ့ စက်ရုံများကို ကြည့်ရှုလေ့လာခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီး က GRANDTOP Fushan Circular Economic Industrial Park သို့ ရောက်ရှိရာ ကုမ္ပဏီမှ တာဝန်ရှိသူများက Industrial Park အတွင်း စွန့်ပစ်အမှိုက်မျိုးစုံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် အတွက် အမှိုက်များအမျိုးအစားခွဲခြား၍ သိမ်းဆည်းခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း ဆောင်ရွက်သောလုပ်ငန်းစဉ်များ၊ အမှိုက်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ စက်ရုံမှ ထွက်ရှိလာတဲ့ လျှပ်စစ်ဓာတ်အားများကို ဓာတ်အားဖြန့်ဖြူးရေးလိုင်းများမှတစ်ဆင့် National Grid သို့ ဖြန့်ဖြူးခြင်း လုပ်ငန်းစဉ်များ၊ စက်ရုံ၏ Control Room မှ စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိ စောင့်ကြည့်ထိန်းကျောင်းခြင်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြသကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းစဉ်အဆင့်ဆင့်အပေါ် သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးပြီး စက်ရုံသို့စေလွှတ်၍ လေ့လာသင်ကြားပေးနိုင်ရန်နှင့် တရုတ်နိုင်ငံမှ နည်းပညာဆိုင်ရာအဖွဲ့များ မြန်မာနိုင်ငံသို့စေလွှတ်၍ ကွင်းဆင်းလေ့လာခြင်းများ ဆောင်ရွက်ပေးနိုင်ရန် ဆွေးနွေးပြောကြားမှုအပေါ် ကုမ္ပဏီတာဝန်ရှိသူများက လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါတယ်။ GRANDTOP Fushan Circular Economic Industrial Park ရှိ Guangzhou Waste to Energy Power Plant က တရုတ်နိုင်ငံတွင် အမှိုက်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့ အကြီးဆုံးစက်ရုံဖြစ်ပြီး စက်စွမ်းအားမှာ နေ့စဉ် အမှိုက်တန် ၉,၃၀၀၊ နှစ်စဉ်အမှိုက်တန် ၃ ဒသမ ၁ သန်းတို့မှ နှစ်စဉ်လျှပ်စစ်ဓာတ်အား ယူနစ်သန်းပေါင်း ၁,၂၀၀ ကျော်ခန့်ထုတ်လုပ်၍ National Grid သို့ ဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း သိရပါတယ်။