"အမေရိကန်လေတပ်က လေသူရဲတိုက်ရိုက်ထိန်းချုပ်စရာမလိုတဲ့ Anduril ရဲ့ တိုက်ခိုက်ရေးဒရုန်းကို စမ်းသပ်"
19 Apr
အမေရိကန်တပ်မတော်က လေသူရဲရဲ့ တိုက်ရိုက်ထိန်းချုပ်မောင်းနှင်စရာမလိုဘဲ သူ့အလိုအလျောက် ပျံသန်း နိုင်တဲ့ Anduril ကုမ္ပဏီထုတ်ဂျက်အင်ဂျင်တပ်တိုက်ခိုက်ရေး ဒရုန်းအသစ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။ အခုစမ်းသပ်မှုမှာ အမေရိကန် လေတပ်သားတွေဟာ Anduril Industries ရဲ့ YFQ-44A ရှေ့ပြေးပုံစံကို အသုံးပြုခဲ့ကြတာပါ။ အရင်ကဒရုန်းတွေဟာ မြေပြင်မှ လေသူရဲက အဆက်မပြတ် ထိန်းချုပ်ရတာမျိုး ရှိခဲ့ပေမယ့်အခုစနစ်မှာတော့ နောက်ကွယ်ကနေ ထိန်းချုပ်မောင်းနှင်နေတဲ့ အော်ပရေတာမရှိဘူးလို့ ကုမ္ပဏီရဲ့ အင်ဂျင်နီယာပိုင်းဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Jason Levin က ပြောပါတယ်။ အော်ပရေတာတွေက လပ်တော့သုံးပြီး မစ်ရှင်အစီအစဉ်ကို ထည့်သွင်းပေးရုံနဲ့ ဒရုန်းဟာ လမ်းကြောင်းအတိုင်း သူ့အလိုအလျောက် ပျံတက်တာ၊ ပျံသန်းတာနဲ့ တာဝန်ထမ်းဆောင်တာတွေကို လုပ်သွားမှာဖြစ်ပါတယ်။ ဒီစမ်းသပ်မှုရဲ့ ထူးခြားမှုက သာမန်လေတပ်သားဟာ ရက်အနည်းငယ်မျှသာသင်တန်းတက်ရုံနဲ့ ဒီဒရုန်းကို အစအဆုံး ကိုင်တွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။