“လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်တွင်းထုတ်ဒီဇယ်ဆီတစ်ဂါလံလျှင် ၁ သောင်းကျပ်နှုန်းနဲ့ရောင်းချပေး”

19 Apr

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော် ကောင်စီတို့နှင့်ပူးပေါင်း၍ ပြည်တွင်းထုတ်ဒီဇယ်ဆီများကို နေပြည်တော်ရှိ တောင်သူများထံအထူးသက်သာသော ဈေးနှုန်းဖြင့် လုပ်ငန်းခွင်အရောက်တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါတယ်။ အခုလိုရောင်းချပေးလျက်ရှိရာ ဧပြီလ ၁၈ ရက်မှာ လယ်ဝေးမြို့နယ်ရှိ ကျေးရွာများအတွက် စုရပ် ၃ နေရာ၊ ပျဥ်းမနားမြို့နယ်ရှိ ကျေးရွာများအတွက်စုရပ်၂ နေရာ၊ ဇေယျာသီရိမြို့နယ်ရှိ ကျေးရွာများအတွက်စုရပ် ၂ နေရာတို့ရှိ လယ်ယာစိုက်ပျိုးရေးကဏ္ဍသုံး စက်ပစ္စည်းများမှာ အသုံးပြုရန် ပြည်တွင်းထုတ်ဒီဇယ်ဆီ ၄,၅၂၄ ဂါလံကို တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးခဲ့ပါတယ်။ ဒါ့အပြင် တပ်ကုန်းမြို့နယ်ရှိ နွေစပါးနှင့် ဆီထွက်သီးနှံထွန်ယက်စိုက်ပျိုးရန်ကျန်ရှိသော ကျေးရွာများသို့ ပြည်တွင်းထုတ်ဒီဇယ်ဆီများကို ဆက်လက်ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ တောင်သူများအတွက်လည်း သက်ဆိုင်ရာအစိုးရအဖွဲ့များ၏ထောက်ခံချက်ဖြင့် ပြည်တွင်းထုတ်ဒီဇယ်ဆီများကို သက်သာသောစျေးနှုန်းဖြင့်ဖြန့်ဖြူးရောင်းချပေးရန်စီစဥ်လျက်ရှိပါတယ်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ နေပြည်တော်ရှိ တောင်သူများကို စက်သုံးဆီအခက်အခဲလျော့နည်း သက်သာစေရေးနှင့် စျေးနှုန်းသက်သာစွာဖြင့် အလွယ် တကူဝယ်ယူရရှိနိုင်ရေးအတွက် ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးနှင့် ဆီထွက်သီးနှံထွန်ယက်စိုက်ပျိုးရန်ကျန်ရှိသည့်ကျေးရွာများသို့ ပြည်တွင်းထုတ်ဒီဇယ်ဆီ တစ်ဂါလံ ၁၀,၀၀၀ ကျပ်နှုန်း လက်ငင်းငွေချေစနစ်ဖြင့် လုပ်ငန်းခွင်အရောက်တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိတယ်လို့ သိရပါတယ်။ (NVS-008)

19 Apr

ADVERTISE HERE .