“အီရန်အသင်း ကမ္ဘာ့ဖလား၌ သေချာပေါက်ပါဝင်မည်ဖြစ်ကြောင်း အင်ဖန်တီနိုပြော”
18 Apr
နှစ်နိုင်ငံအကြား တင်းမာမှုတွေရှိနေပေမယ့် အမေရိကန်နိုင်ငံက ပူးတွဲအိမ်ရှင်အဖြစ်ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်အသင်း သေချာပေါက်ပါဝင်မှာဖြစ်တယ်လို့ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို က ပြောလိုက်ပါတယ်။ ဖေဖော်ဝါရီလ ၂၈ ရက်က အမေရိကန်နဲ့ အစ္စရေးတို့ပူးပေါင်းပြီး အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်အသင်းပါဝင်ဖို့က မရေရာမှုများ ဖြစ်လာခဲ့ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို ၃ နိုင်ငံက ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမှာဖြစ်ပြီး အီရန်အသင်းရဲ့ အုပ်စုပွဲစဉ် ၃ ပွဲစလုံးကို အမေရိကန်နိုင်ငံမှာ ကစားရမှာဖြစ်ပါတယ်။ အီရန်ဘက်က အမေရိကန် နိုင်ငံကို မသွားချင်တဲ့အတွက် ပြိုင်ပွဲကနေနုတ်ထွက်ဖို့ ဒါမှမဟုတ် အီရန်အသင်းပွဲစဉ်တွေကို မက္ကဆီကိုနိုင်ငံထဲမှာ ပြောင်းလဲကစားဖို့ကို ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဖီဖာဘက်ကတော့ ပွဲစဉ်တွေ နေရာပြောင်းလဲကစားဖို့ တောင်းဆိုချက်ကို ပယ်ချထားပြီး မူလစီစဉ်ထားတဲ့ အတိုင်းသာ ကစားရမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့တစ်ပတ်က ပြောထားပါတယ်။ အီရန်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရောက်လာမှာ သေချာနေကြောင်း ဝါရှင်တန်မြို့တွင်ရောက်ရှိနေတဲ့ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို က အတည်ပြုခဲ့ပါတယ်။ အီရန်အသင်းက ကမ္ဘာ့ဖလားကို ဝင်ပြိုင်ဖို့အတွက် အရည်အချင်းမီသလို ပြိုင်ပွဲကျင်းပချိန်လောက်ဆိုရင် ငြိမ်းချမ်းတဲ့ အခြေအနေဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်းလည်း အင်ဖန်တီနို က ပြောခဲ့ပါတယ်။(NVS 008)