“ရွှေတိဂုံစေတီတွင် နှစ်သစ်မင်္ဂလာအခါတော်နေ့ အန္တရာယ်ကင်းပရိတ်တရားတော် နာယူခြင်းနှင့် ရေစက်ချပွဲ အခမ်းအနားကျင်းပ”
18 Apr
ရွှေတိဂုံစေတီတော်တွင် နှစ်သစ်မင်္ဂလာအခါတော်နေ့ အန္တရာယ်ကင်းပရိတ်တရားတော် နာယူခြင်းနှင့် ရေစက် ချပွဲအခမ်းအနားကို ဧပြီလ ၁၇ ရက် နံနက်ပိုင်းက စေတီတော်ရင်ပြင် သတ်မှတ်နေရာများ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။ ရွှေတိဂုံဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးဝတ်အသင်းအဖွဲ့ဝင်များ၊ ဂေါပကရုံး ဝန်ထမ်းများက ဧည့်ခံတန်ဆောင်း၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်းတော်ကြီးနှင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးများ ဆက်ကပ်လှူဒါန်းကြပြီး ရွှေတိဂုံစေတီတော် ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား စေတီတော်ရှိ ရောင်တော်ဖွင့်တန်ဆောင်း၌ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ကြပါတယ်။ ထို့နောက် ရွှေတိဂုံစေတီတော် နှစ်သစ်မင်္ဂလာအခါတော်နေ့ အန္တရာယ်ကင်းပရိတ်တရားတော် နာယူခြင်းနှင့် ရေစက်ချပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါ စရိယ၊ ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ ဒွိပိဋကဓရ ဒေါက်တာဘဒ္ဒန္တ အဂ္ဂသာမိ ထံမှ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးဝတ်အသင်းအဖွဲ့ များက နဝင်္ဂသီလခံယူ ဆောက်တည်ခဲ့ကြကာ ဆရာတော်ကြီးများထံမှ နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်း ပရိတ်တရားတော်များနာယူကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ တိပိဋကဓရပါဠိပါရဂူ ရွှေပြည်သာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ နာဂိတ ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကာ ရေစက်သွန်းချအမျှပေးဝေကြပြီး အခမ်းအနားကို ရုပ်သိမ်း ကာ ဇီဝိတဒါန ဘေးမဲ့သက်လွှတ်ပွဲအခမ်းအနားကို ရွှေတိဂုံစေတီတော်မြောက်ဘက် အောက်ပစ္စယာ သိင်္ဂုတ္တရ ဥယျာဉ်တော်အတွင်းရှိ ရှင်ဥပဂုတ္တမင်္ဂလာကန်တော်တွင်ကျင်းပရာ ကန်တော်အတွင်းသို့ ရောင်စုံရွှေဝါငါးမြစ်ခြင်း ငါးကောင်ရေ ၁,၀၀၀ ဘေးမဲ့သက်လွှတ်၍ နှစ်သစ်အခါသမယ ဇီဝိတဒါနကုသိုလ်ပြုဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။(NVS 004)