“အမေရိကန်- အီရန် အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးနိုင်ဖွယ်ရှိ”
18 Apr
အမေရိကန်နှင့် အီရန်တို့က အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးရန် စဉ်းစားလျက်ရှိကြောင်း အမေရိကန်မီဒီယာတစ်ခုက သတင်းဖော်ပြခဲ့သည်။ နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေးကို လာမည့်သီတင်းနှစ်ပတ် အတွင်း သက်တမ်းတိုးရန်စဉ်းစားနေကြောင်း သတင်းရင်းမြစ်တစ်ခုအား ကိုးကား၍ ဘလွန်းဘာ့ဂျ်သတင်းဌာနက သတင်းဖော်ပြခဲ့သည်။ စေ့စပ်ညှိနှိုင်းရေးမှူးများက အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရန် တွန်းအားပေးနေသော်လည်း တိုးတက်မှုအနည်းငယ်သာရှိကြောင်း ဝေါစထရိဂျာနယ်က သတင်းဖော်ပြခဲ့သည်။ လက်ရှိအချိန်တွင် ပါကစ္စတန်နိုင်ငံက ဒုတိယအကျော့ မျက်နှာချင်းဆိုင်စေ့စပ်ညှိနှိုင်းမှုကို အကောင် အထည်ဖော်ရန် စေ့စပ်ညှိနှိုင်းသူအဖြစ် တက်ကြွစွာဆောင်ရွက်လျက်ရှိသည်။ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက် ရှရစ်ဖ် က ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန် နှင့် ဧပြီလ ၁၅ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံ၌ တွေ့ဆုံခဲ့သည်။ ဒေသတွင်း ထာဝရငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ရည်ရွယ်သည့် သဘောတူညီချက်တစ်ခုဆီသို့ ရောက်ရှိရန် အမေရိကန်နှင့် အီရန်နှစ်ဖက်စလုံးအား တွန်းအားပေးသည့် ပါကစ္စတန်၏ ခိုင်မာသောကတိကဝတ်ကို ထောက်ခံပါကြောင်း ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန် က ပြောကြားခဲ့သည်။ အလားတူ ဗိုလ်ချုပ်ကြီး အာဆင်မ်မူနီယာ ဦးဆောင်သည့် ပါကစ္စတန် ကိုယ်စားလှယ်အဖွဲ့သည် ဧပြီလ ၁၅ ရက်တွင် တီဟီရန်မြို့တော်သို့ ရောက်ရှိခဲ့သည်။ ၎င်းတို့၏ခရီးစဉ်သည် အီရန်ခေါင်းဆောင်များထံ အမေရိကန်၏ မက်ဆေ့ချ်များပေးပို့ရန်နှင့် ဒုတိယအကြိမ် စေ့စပ်ညှိနှိုင်းရေးအစီအစဉ်များ ပြုလုပ်ရန် ရည်ရွယ်ထားကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက သတင်းဖော်ပြခဲ့သည်။