“အစ္စရေးနှင့် လက်ဘနွန်တို့ ၁ဝ ရက်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီ”
18 Apr
အစ္စရေးနှင့် လက်ဘနွန်နှစ်နိုင်ငံ ၁၀ ရက်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။ သို့သော် လက်ဘနွန်တောင်ပိုင်း၌ တပ်စွဲထားသည့်တပ်ဖွဲ့များကို ရုပ်သိမ်းရန် သဘောတူညီထားခြင်း မရှိသေးကြောင်း အစ္စရေးတပ်ဖွဲ့က ပြောကြားခဲ့သည်။ နေတန်ယာဟု က လက်ဘနွန်နှင့် သမိုင်းဝင် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရန် အခွင့်အရေး ရှိပါကြောင်း ဧပြီလ ၁၆ ရက်တွင် ဗီဒီယိုကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။ ထို့ပြင် လက်ဘနွန်နှင့် ငြိမ်းချမ်းရေး သဘောတူညီချက်မှန်သမျှသည် အီရန်ကျောထောက်နောက်ခံပြု ဟဇ်ဘိုလာအဖွဲ့အား လက်နက်ဖြုတ်သိမ်းရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းကထောက်ပြခဲ့သည်။ နေတန်ယာဟု နှင့် လက်ဘနွန်သမ္မတ ဂျိုးဆက်အွန်း တို့သည် လာမည့်သီတင်းပတ် သို့မဟုတ် နှစ်ပတ် အတွင်း အိမ်ဖြူတော်တွင် တွေ့ဆုံမည်ဖြစ်ကြောင်း သမ္မတ ထရမ့် က သတင်းထောက်များအား ပြောကြားခဲ့သည်။ အခြေအနေများ ပြန်လည်ကောင်းမွန်သည့် အချိန်အထိ လက်ဘနွန်တောင်ပိုင်းနှင့် ဘေရွတ်တောင်ပိုင်းသို့ ပြောင်းရွှေ့နေထိုင်ခြင်းမှ ရှောင်ကြဉ်ရန် ပြည်သူများအား ဟစ်ဇ်ဘိုလာအဖွဲ့က တောင်းဆိုထားသည်။ မတ်လအစောပိုင်းတွင် နောက်ဆုံးဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် လူပေါင်း ၂,၁၀၀ ကျော်သေဆုံးပြီး ၇,၁၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း လက်ဘနွန်အာဏာပိုင်များက ပြောကြားခဲ့သည်။ နိုင်ငံအတွင်း အနည်းဆုံး လူ ၁ ဒသမ ၂ သန်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်းလည်း ကုလသမဂ္ဂအဖွဲ့က ပြောကြားခဲ့သည်။