“နိုင်ငံတော်သမ္မတက လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေး တံခါးကို ထာဝရဖွင့်ထားကြောင်း နှစ်သစ်ကူးမိန့်ခွန်းတွင် ထည့်သွင်းပြောကြား”

17 Apr

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က အစိုးရအဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးတံခါးကို ထာဝရဖွင့်ထားပြီး လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်း‌ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း နှစ်သစ်ကူးနှုတ်ခွန်းဆက် မင်္ဂလာစကားပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့အတူ တစ်ဆက်တည်းမှာပဲ နိုင်ငံရဲ့ အဓိကလိုအပ်ချက်ဖြစ်တဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုရရှိအောင် ကြိုးပမ်းအားထုတ်ဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံရဲ့ လူဦးရေ၊ ဓလေ့ထုံးတမ်းအစဉ်အလာ၊ ပထဝီအနေအထားနဲ့ သဘာဝအရင်းအမြစ်များအရ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းများကို နည်းလမ်းတကျ ဆောင်ရွက်ပြီး ထုတ်ကုန်များကို တိုးမြှင့်ကြဖို့လိုအပ်ကြောင်းနှင့် ၎င်းမှတစ်ဆင့် စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များ အပေါ်မှာ အခြေပြုတဲ့ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း(MSMEs)များကို အားပေးမြှင့်တင်ပြီး ပြည်တွင်းစားသုံးမှုလိုအပ်ချက် ဖူလုံတဲ့အပြင် ပြည်ပကိုတင်ပို့နိုင်တဲ့အထိ ကုန်ထုတ်လုပ်မှုကဏ္ဍ မြင့်မား‌အောင် ဆောင်ရွက်နိုင်ပါက တစ်ဦးချင်းကအစ နိုင်ငံတော်အဆင့်ထိ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အဓိကလိုအပ်ချက်က တိုင်းရင်းသားပြည်သူ အားလုံး အသိပညာ၊ အတတ်ပညာ မြင့်မားရေးဖြစ်ကြောင်း၊ ပညာရည်နိမ့်ပါးသူများနဲ့ နိုင်ငံတော်တိုးတက်ဖို့၊ ရှေ့ဆက်လျှောက်လှမ်းဖို့ ခက်ခဲနေမှာဖြစ်ပြီး ယနေ့ကြုံတွေ့နေရတဲ့ ဖြစ်စဉ်များက သက်သေပြနေကြောင်း ပြောကြား ခဲ့ပါတယ်။ ပြည်တွင်းစည်းလုံးညီညွတ်မှုကို နည်းမျိုးစုံနဲ့ဖြိုခွဲပြီး တိုင်းပြည်ကို ဒုက္ခရောက်အောင် လုပ်ဆောင်နေကြတဲ့ ပြည်တွင်း၊ ပြည်ပပယောဂများနဲ့ အဖျက်အမှောက်များရဲ့ အန္တရာယ်ကို အသိတရားနဲ့ မှန်မှန်ကန်ကန်ရှုမြင်သုံးသပ် ကြဖို့ အလွန်အရေးကြီးကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့ပါတယ်။ နှစ်သစ်ကို မျှော်လင့်ချက်အသစ်တွေနဲ့ နိုင်ငံသားအားလုံး အတိတ်ကခါးသီးမှုအတွေ့အကြုံများကို သင်ခန်းစာ ယူပြီး သာယာဝပြောတဲ့ နိုင်ငံတော်သစ်ဆီကို ညီညီညွတ်ညွတ်အတူတကွ လျှောက်လှမ်းကြဖို့ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံ ပြည်တွင်း/ပြည်ပမှာ မှီတင်းနေထိုင်ကြတဲ့ မိဘပြည်သူတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအနေနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာ ဟန်ချက်ညီစွာနဲ့ မေတ္တာတရား လက်ကိုင်ထားလျက် ခရီးဆက်နိုင်ကြပါစေကြောင်း၊ မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး၊ မိမိတို့ဘာသာ သာသနာအကျိုးကို ဆထက်ထမ်းပိုးတိုးမြှင့် ထမ်းဆောင်နိုင်ကြပါစေ ကြောင်းနှင့် အန္တရာယ်ဟူသမျှ ကင်းဝေးကြပါစေကြောင်း နှစ်သစ်အခါသမယ ဆုမွန်ကောင်းတောင်းလိုက်ပါကြောင်း ပြောကြားခဲ့ပါတယ်။(NVS 004)

17 Apr

ADVERTISE HERE .