“အမေရိကန်-အီရန် သဘောတူညီချက်ရရှိစေရန် တွန်းအားပေးဆောင်ရွက်မည်ဟု ပါကစ္စတန်ဝန်ကြီးချုပ်ဆို”

17 Apr

အမေရိကန်နှင့် အီရန်နှစ်နိုင်ငံကြားတွင် ဒေသတွင်း ရေရှည်တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်ရန် ရည်ရွယ်သည့် သဘောတူညီချက်ရရှိရေး တွန်းအားပေးရန်အတွက် ပါကစ္စတန်အနေဖြင့် ခိုင်ခိုင်မာမာ အားထုတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် Shehbaz Sharif က ဧပြီလ ၁၆ ရက်တွင် လူမှုကွန်ရက် မီဒီယာ၌ ပို့စ်တင်၍ ပြောကြားခဲ့သည်။ Shehbaz Sharif က ၎င်းအနေဖြင့် ယင်းနေ့တွင် ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့၌ ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား၊ ဝန်ကြီးချုပ် Mohammed bin Salman နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ နှစ်ဖက်အနေဖြင့် ချစ်ကြည်ရင်းနှီး၍ အပြုသဘောဆောင်မှုပြည့်ဝသော ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ပါကစ္စတန်အနေဖြင့် ယခုကာလများအတွင်း အမေရိကန်-အီရန် အပစ်ရပ်ရေးကို တွန်းအားပေး ရန်နှင့် အစ္စလာမ်မာဘတ် သမိုင်းဝင်ဆွေးနွေးပွဲဖြစ်မြောက်စေရန် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းခြင်း နောက်ဆုံး ဖြစ်ပေါ်မှုအခြေအနေများကို Mohammed bin Salman အား မိတ်ဆက်ပြောကြားခဲ့ပြီး ပါကစ္စတန်အပေါ် ထောက်ခံအားပေးမှုအတွက် Mohammed bin Salman ကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်ဟု Shehbaz Sharif က ဆိုသည်။ ပါကစ္စတန်ဝန်ကြီးချုပ်ရုံးကလည်း ယင်းနေ့တွင်ပင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ နှစ်နာရီနီးပါးကြာ ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးမှုအတွင်း အကြီးအကဲနှစ်ဦးသည် စဉ်ဆက်မပြတ် ဆင့်ကဲပြောင်းလဲနေသည့် ဒေသတွင်းအခြေအနေများအား နက်ရှိုင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် Shehbaz Sharif နှင့် ပါကစ္စတန် စစ်ဦးစီးချုပ် Asim Munir တို့၏ အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှပါဝင်မှုကို Mohammed bin Salman က တန်ဖိုးထားချီးကျူးခဲ့ကြောင်း သိရသည်။

17 Apr

ADVERTISE HERE .