“အသက်(၁၆)နှစ်အောက်ရှိသူများအား ဆိုရှယ်မီဒီယာသုံးစွဲခွင့်ပိတ်ပင်ရေး အင်ဒိုနီးရှားအစိုးရနှင့် ပူးပေါင်း ဆောင်ရွက်မည်ဟု တစ်တော့ပြောကြား”
16 Apr
အသက်(၁၆)နှစ်အောက်ရှိသူများအား တစ်တော့သုံးစွဲခွင့်ပိတ်ပင်ရေးအတွက် အင်ဒိုနီးရှားအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း လူမှုမီဒီယာတစ်တော့က ပြောကြားသည်။ ၎င်းကိစ္စအတွက် လေ့လာသုံးသပ် မှုများ ဆောင်ရွက်နေကြောင်း တစ်တော့ကပြောကြားသည်။ အင်ဒိုနီးရှားနိုင်ငံ ဆက်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာ ဆောင်ရွက်မည်ဖြစ်ကြောင်း တစ်တော့ကပြောကြားသည်။ တစ်တော့အနေဖြင့် အသက်အရွယ် လိမ်လည်ထား သည်ဟု ယူဆရသည့် ဆိုရှယ်မီဒီယာအကောင့်များကို နည်းပညာဖြင့် စစ်ဆေးနေကြောင်း သိရသည်။ လူမှုမီဒီယာတစ်တော့ရှိ ဆယ်ကျော်သက်များ၏ ဆိုရှယ်မီဒီယာအကောင့်များသည် ပုဂ္ဂိုလ်ရေးလုံခြုံမှုရှိပြီး ၎င်းအကောင့်များတွင် ဆယ်ကျော်သက်များအနေဖြင့် မိမိတို့စိတ်ဝင်စားသည့် အကြောင်းအရာများကို ရေးသားခွင့် ရှိကြောင်းသိရသည်။ အင်ဒိုနီးရှားအစိုးရသည် နိုင်ငံအတွင်းရှိအသက် (၁၆)နှစ်အောက်ရှိသူများအား ယခုနှစ် မတ်လ ၂၈ ရက်မှစတင်၍ Tik Tok၊ YouTube၊ Roblox၊ Instagram၊ Facebook၊ Threads၊ X နှင့် Bigo Live. အမည်ရှိ ဆိုရှယ်မီဒီယာများအား သုံးစွဲခွင့်ပိတ်ပင်ခဲ့သည်။ ပိတ်ပင်ရသည့်အကြောင်းရင်းမှာ အသက်(၁၆)နှစ် အောက်ရှိသူများအား ဆိုရှယ်မီဒီယာများတွင် မသင့်လျော်သည့်အကြောင်းအရာများကို ကြည့်ရှုခွင့်ပိတ်ပင်ရန်နှင့် ဆိုရှယ်မီဒီယာတွင် အချိန်ဖြုန်းခြင်းမှ ရှောင်ကြဉ်ရန်ဖြစ်ကြောင်း သိရသည်။