“ဟော်မုဇ်ရေလက်ကြား၏လုံခြုံရေးကို ထိခိုက်အောင်ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့ကုန်သွယ်ရေးကို အကျိုး သက်ရောက်မှုများရှိလာမည်ဟု အီရန်သမ္မတပြောကြား”
16 Apr
ဟော်မုဇ်ရေလက်ကြား၏လုံခြုံရေးကို ထိခိုက်အောင်ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့ကုန်သွယ်ရေးကို အကျိုး သက်ရောက်မှုများ ရှိလာမည်ဖြစ်ကြောင်း အီရန်သမ္မတ မာဆော့ ပါဇက်ကီရှန် က ပြင်သစ်သမ္မတ မက်ခရွန် နှင့် ဖုန်းဖြင့်ဆွေးနွေးရာတွင် ပြောကြားသည်။ အီရန်ဆိပ်ကမ်းများမှ ၎င်းရေလက်ကြားသို့ ဖြတ်သန်းသွားလာမည့် သင်္ဘောများအား သွားလာခွင့် ပိတ်ပင်ကြောင်း အမေရိကန်သမ္မတ ထရမ့် က မကြာမီက ပြောကြားခဲ့ပြီးနောက် အီရန်သမ္မတက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။ အီရန်အနေဖြင့် မဟာဗျူဟာကျသော ရေလမ်းကြောင်းဖြစ်သည့် ၎င်းရေလက်ကြားမှ သင်္ဘောများ လုံခြုံစွာဖြတ်သန်းသွားလာရေးကို ဆောင်ရွက်နေပြီး ၎င်းရေလက်ကြားအား ဟန့်တားမည့် ဆောင်ရွက်ချက်သည် ကမ္ဘာ့ကုန်သွယ်ရေးအတွက် အကျိုးသက်ရောက်မှုများ ရှိလာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ အီရန်သည် မိမိ၏ အမျိုးသားအကျိုးစီးပွားအတွက် မည်သည့်အခြေအနေကိုမဆို ရင်ဆိုင်ရန်အသင့် ရှိနေကြောင်း ၎င်းက ထပ်လောင်းပြောကြား ခဲ့သည်။ မကြာသေးမီက ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအရ အီရန်သည် ငြိမ်းချမ်းရေးရယူရန် ဆန္ဒရှိကြောင်း သိရှိနိုင်သည်ဟု ၎င်းကပြောကြားခဲ့သည်။ အမေရိကန်တာဝန်ရှိသူအချို့၏ များပြားသည့်တောင်းဆိုချက်များနှင့် ငြိမ်းချမ်းရေးရယူရန် နှောင့်နှေး ခြင်းကြောင့် အပြီးသတ်ငြိမ်းချမ်းရေးရယူရန် ကြန့်ကြာနေသည်ဟု ၎င်းကပြောကြားသည်။ အီရန်အနေဖြင့် မိမိနိုင်ငံသားများ၏ အကျိုးစီးပွားကို မထိခိုက်စေဘဲ နိုင်ငံတကာဥပဒေများအတိုင်း လိုက်နာဆောင်ရွက်ပြီး ငြိမ်းချမ်းရေးရယူလိုကြောင်းနှင့် အမေရိကန်အား ငြိမ်းချမ်းရေးရယူရေးအတွက် ဥရောပနိုင်ငံများက အပြုသဘော ဆောင်တိုက်တွန်းရန်လိုအပ်ကြောင်း ၎င်းကပြောကြားသည်။ အီရန်အနေဖြင့် ခြိမ်းခြောက်မှုများနှင့် စစ်ရေးအရ တိုက်ခိုက်ခြင်းများကို မလိုလားဘဲ သံတမန်နည်းလမ်းဖြင့် ဆောင်ရွက်ရေးကိုလိုလားကြောင်း ၎င်းကပြောကြား သည်။ အီရန်အနေဖြင့် နျူကလီးယားအရေးနှင့် ပတ်သက်၍လည်း မကြာသေးမီက ဥရောပနိုင်ငံများနှင့် သဘောတူညီချက်များ ရရှိခဲ့ကြောင်းနှင့် သတ်မှတ်ထားသည့်စည်းမျဉ်းများမှ သွေဖည်ဆောင်ရွက်ခြင်းကို အီရန် နိုင်ငံက မည်သည့်အခါမျှ ပြုလုပ်မည်မဟုတ်ကြောင်း ၎င်းကပြောကြားသည်။