“၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အီရန်အသင်း ယှဉ်ပြိုင်နိုင်ခြင်းမရှိပါက အစားအသင်းကို Play-offs ယှဉ်ပြိုင်ပြီး ရွေးချယ်ဖွယ်ရှိနေ”

14 Apr

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်အသင်း ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိပါက အစားထိုးအသင်းတစ်သင်းကို Play-offs ယှဉ်ပြိုင်စေကာ ရွေးချယ်သွားဖွယ်ရှိကြောင်း သိရပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အီရန်အသင်းက အီဂျစ်၊ ဘယ်လ်ဂျီယံ၊ နယူးဇီလန်တို့နဲ့ တစ်အုပ်စုတည်းမှာ ကျရောက်နေပြီး အုပ်စုပွဲစဉ်(၃)ပွဲစလုံးကို အမေရိကန်မှာ ကစားရမှာဖြစ်ပါတယ်။ အီရန်နဲ့ အမေရိကန်တို့ဟာ လက်ရှိအချိန်မှာ စစ်ဖြစ်ပွားနေတာကြောင့် အီရန်က ကမ္ဘာ့ဖလားအုပ်စုပွဲတွေကို မက္ကဆီကိုနိုင်ငံမှာ ယှဉ်ပြိုင်ကစားခွင့်ပြုဖို့ ဖီဖာထံတောင်းဆိုခဲ့ပေမဲ့ ဖီဖာက ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် အီရန်အသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲကနေ နုတ်ထွက်ဖွယ်ရှိနေခြင်းကြောင့် အသင်းတစ်သင်းကို အစားထိုးနိုင်ဖို့ ဖီဖာက စဉ်းစားနေပြီဖြစ်ကြောင်း သိရပါတယ်။ ဖီဖာက ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်မှုမရှိတဲ့အသင်းတွေထဲက ဥရောပက ကမ္ဘာ့အဆင့်အမြင့်ဆုံး နှစ်သင်းနဲ့ အာရှက ကမ္ဘာ့အဆင့်အမြင့်ဆုံးနှစ်သင်းကို Play-offs ယှဉ်ပြိုင်စေဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ဒါကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ (၃)ကြိမ်ဆက် ခြေစစ်ပွဲအောင်မြင်ခြင်းမရှိခဲ့တဲ့ အီတလီအသင်းက အခွင့်အရေးပြန်ရလာနိုင်ကြောင်း သုံးသပ်ဖော်ပြမှုတွေလည်း ရှိလာခဲ့ပါတယ်။(NVS 008)

14 Apr

ADVERTISE HERE .