“အမေရိကန်-အီရန် စေ့စပ်ညှိနှိုင်းရေးတွင် ပါကစ္စတန်၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုများကို လေးစားကြောင်း ဂျပန်ဝန်ကြီးချုပ်ပြော”

14 Apr

ဂျပန်ဝန်ကြီးချုပ် တာကာအီချီဆာနာအဲ က ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ်ရှာရစ်ဖ် နှင့် ဆွေးနွေး ပြောကြားခဲ့ရာ၌ အမေရိကန်-အီရန် စေ့စပ်ညှိနှိုင်းရေးတွင် ရှာရစ်ဖ် ၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုများကို လေးစား ကြောင်း ဖော်ပြခဲ့သည်။ တာကာအီချီ သည် ရှာရစ်ဖ် နှင့် ဧပြီလ ၁၃ ရက်တွင် ၁၅ မိနစ်ကြာ ဖုန်းပြောခဲ့သည်။ ပြောကြားစဉ်အတွင်း အရှေ့အလယ်ပိုင်းအခြေအနေ တည်ငြိမ်အေးချမ်းရေးသည် အရေးအကြီးဆုံးဖြစ်ကြောင်း တာကာအီချီ က ရှာရစ်ဖ် အား ပြောကြားခဲ့သည်။ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်း၍ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးအပါအဝင် မည်သည့်နိုင်ငံမှ သင်္ဘောမဆို လွတ်လပ်၍ ဘေးကင်းလုံခြုံစွာ ရေကြောင်းသွားလာမှု အရေးတကြီးလိုအပ်လျက်ရှိကြောင်း တာကာအီချီ က ရှာရစ်ဖ် အား အလေးအနက်ပြောကြားခဲ့သည်။ ထို့ပြင် စေ့စပ်ညှိနှိုင်းမှုများမှတစ်ဆင့် အပြီးသတ်သဘောတူညီချက်တစ်ရပ် အမြန်ရရှိရေးသည် အရေးကြီးဆုံးဖြစ်သည်ဟု ဂျပန်နိုင်ငံကယုံကြည်ကြောင်း တာကာအီချီ က ရှာရစ်ဖ်အား ပြောကြားခဲ့သည်။ အမေရိကန်-အီရန် စေ့စပ်ညှိနှိုင်းမှုများနှင့် ပါကစ္စတန်နိုင်ငံ၏ သံတမန်ရေးရာ ကြိုးပမ်းမှုများအကြောင်း ရှာရစ်ဖ် က ပြောကြားခဲ့ပြီး ပါကစ္စတန်သည် ဂျပန်နိုင်ငံနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်လိုကြောင်းလည်း အသိပေးပြောကြားခဲ့သည်။ ဂျပန်နိုင်ငံသည် နိုင်ငံတကာအသိုက်အဝန်းနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်နေပြီး သံတမန်ရေးရာ အစပျိုးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်း တာကာအီချီ က ပြောကြားခဲ့သည်။

14 Apr

ADVERTISE HERE .