“အရှေ့အလယ်ပိုင်းပဋိပက္ခများသည် စွမ်းအင်ကုန်ကျစရိတ်ကို မြင့်တက်စေပြီး စားနပ်ရိက္ခာဖူလုံမှုကို အန္တရာယ်ဖြစ်စေသည်ဟု ကမ္ဘောဒီးယားဝန်ကြီးပြော”

14 Apr

ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရက်ခ် ဆိုခွန်း က အရှေ့အလယ်ပိုင်းတွင်ဖြစ်ပွားနေသော ပဋိပက္ခများသည် စွမ်းအင်ကုန်ကျစရိတ်ကို မြင့်တက်စေပြီး စားနပ်ရိက္ခာ ဖူလုံမှုအတွက် ကြီးမားသောအန္တရာယ်ကိုဖြစ်စေကြောင်း ဧပြီလ ၁၃ ရက် မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။ ဗီဒီယိုကွန်ဖရင့်ဖြင့်ကျင်းပသည့် အရှေ့အလယ်ပိုင်းဒေသ အခြေအနေနှင့်ပတ်သက်သည့် ဒုတိယအကြိမ် မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးတွင် ယခုကဲ့သို့ မှတ်ချက်ပြုပြောကြားခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက အစည်းအဝေးပြီးနောက် သတင်း ထုတ်ပြန်ခဲ့သည်။ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သည့် ဆိုခွန်း က စွမ်းအင်ညှိနှိုင်းမှုအားကောင်းစေရန် အာဆီယံဖြတ်ကျော် ဓာတ်ငွေ့ပိုက်လိုင်းနှင့် အာဆီယံရေနံလုံခြုံရေးသဘောတူညီချက်ကို အရှိန်မြှင့်တင်ခြင်းအပါအဝင် လက်ရှိချမှတ် ထားသော အာဆီယံမူဘောင်များကို မြှင့်တင်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အာဆီယံသည် အချိန်နှင့်တစ်ပြေးညီ ဒေတာခွဲဝေမှုတိုးမြှင့်ခြင်းနှင့် လောင်စာဆီသိုလှောင်မှုကဲ့သို့သော အရေးပေါ်အစီအမံများ တိုးမြှင့်ရန်လည်းလိုအပ်သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။ အာဆီယံမဟာဓာတ်အားလိုင်း မြှင့်တင်ရေးအပြင် စွမ်းအင်အမျိုးမျိုးအသုံးပြုခြင်းနှင့် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်များ မြှင့်တင်နိုင်ရန်လည်း အရေးကြီးကြောင်း ၎င်းက မီးမောင်းထိုးပြခဲ့သည်။ အရှေ့အလယ်ပိုင်း ပဋိပက္ခ သည် စွမ်းအင်ကုန်ကျစရိတ်ကို ကြီးမြင့်စေခြင်း၊ စိုက်ပျိုးစရိတ်များ မြင့်တက်စေခြင်းနှင့် ဓာတ်မြေဩဇာထောက်ပံ့ မှုကို နှောင့်ယှက်ဟန့်တားမှုများ ဖြစ်ပေါ်စေခြင်းကြောင့် အစားအစာလုံခြုံမှုအတွက် သိသိသာသာ အန္တရာယ်များ ရှိလာကြောင်း၊ ကုန်ဈေးနှုန်းများကြီးမြင့်လာကြောင်း၊ ထုတ်လုပ်မှုလျော့နည်းကျဆင်းခြင်းကို ဖြစ်စေကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့သည်။ အဆိုပါအစည်းအဝေးတွင် အမေရိကန်နှင့် အီရန်တို့အကြား ယာယီအပစ်အခတ်ရပ်စဲရေးကြေညာချက်ကို ကြိုဆိုခဲ့ပြီး အပြည့်အဝထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေးအတွက် မျှော်လင့်ချက်ရှိကြောင်း ဖော်ပြခဲ့သည်။

14 Apr

ADVERTISE HERE .