“ချန်ပီယံဆုအတွက် ယှဉ်ပြိုင်မှုမပြီးဆုံးသေးကြောင်း သတိပေးလိုက်တဲ့ နည်းပြ ဟန်ဆီဖလစ်”
12 Apr
အက်စ်ပန်ညိုအသင်းကို အနိုင်ရပြီးနောက် လာလီဂါရာသီသိမ်းဖို့ ၇ ပွဲသာ လိုတော့ချိန်မှာ ဒုတိယနေရာက ရီးရဲလ်အသင်းကို ၉ မှတ်အထိဖြတ်ထားနိုင်ပေမယ့် လာလီဂါချန်ပီယံဆု ယှဉ်ပြိုင်မှုက ပြီးဆုံးခြင်းမရှိသေးကြောင်း ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ် က သတိပေးပြောကြားခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်အသင်းက ဂျီရိုနာအသင်းကို သရေကျခဲ့ချိန်မှာ အက်စ်ပန်ညိုနဲ့ပွဲကို ဘာစီလိုနာအသင်းက တောရက်စ်၊ ယာမယ်၊ ရက်ရှ်ဖို့ဒ် တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ၉ မှတ်အသာရထားပေမယ့် ချန်ပီယံဆုပြိုင်ပွဲက မပြီးသေးဘူးလို့ နည်းပြ ဖလစ် က ပွဲအပြီးမှာပြောသွားခဲ့ပြီး ဘာစီလိုနာအသင်းအနေနဲ့ ရာသီကုန်အထိ အာရုံစူးစိုက်မှု အပြည့်ထားဖို့ လိုအပ်တယ်လို့ သတိပေးခဲ့ခြင်းဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပထမအကျော့ အိမ်ကွင်းပွဲမှာ အက်သလက်တီကို အသင်းကို ရှုံးနိမ့်ခဲ့ပြီး အက်စ်ပန်ညိုအသင်းကို အနိုင်ရခဲ့မှုက လာမယ့်ကြားရက်မှာကစားရမယ့် ဒုတိယအကျော့ပွဲ အတွက် ခွန်အားဖြစ်စေခဲ့တယ်လို့လည်း နည်းပြ ဖလစ် ကပြောခဲ့ပါတယ်။(NVS 008)