“စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကူညီဆောင်ရွက်ပေးမည်”
12 Aprစစ်ကိုင်းတိုင်းဒေသကြီးရှိ စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက ပြောကြားခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ ဧပြီလ ၁၁ ရက်က ကျင်းပပြုလုပ်ခဲ့သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး က အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ စားရေရိက္ခာဖူလုံပြည့်ဝစေရန် ဒေသအတွင်းရှိ နေကြာ၊ မြေပဲ၊ နှမ်း၊ စပါး၊ ပဲအမျိုးမျိုး၊ ပြောင်းနဲ့ ဝါ တို့ကို ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်ပျိုးခြင်းမရှိသေးတဲ့ ကျန်မြေတွေမှာ သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဝါကုန်ကြမ်း ကနေ ကုန်ချောပျော့ဖတ်နဲ့ လက်မှုပစ္စည်းထုတ်လုပ်နိုင်ရေးတို့အတွက် လိုအပ်တဲ့ မျိုး၊ မြေ၊ ရေ၊ နည်းပညာတွေကို စနစ်တကျအသုံးပြုနိုင်ရန် ညှိနှိုင်းပေါင်းစပ် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ အလားတူ မွေးမြူရေးလုပ်ငန်းတွေမှာလည်း ခြံလှောင်စနစ်၊ အစာကျွေးစနစ်တွေနဲ့ မွေးမြူရေးတိရစ္ဆာန် အစာ ထုတ်လုပ်နိုင်ဖို့အတွက် ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပြီး လျာထားချက်ပြည့်မီအောင် ကြိုးစား ဆောင်ရွက် သွားကြဖို့လည်း လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လုပ်ကိုင်ဆောင်ရွက်နေတဲ့ MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက် လာအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကုန်ကြမ်းရရှိရေး၊ လျှပ်စစ်နှင့် လောင်စာဆီရရှိရေး စတာတွေကိုလည်း ညှိနှိုင်းဆောင်ရွက်ပေးမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ဒေသတည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများနဲ့ တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းဆောင်ရွက်ရာမှာ အခက်အခဲများကို ကျော်လွှားနိုင်အောင် ကြံဆလုပ်ဆောင်ကြဖို့၊ လိုအပ်ချက်ရှိလာတဲ့အခါ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ အချိန်နဲ့တစ်ပြေးညီ တင်ပြလာပါက တာဝန်ရှိသူ များနဲ့အတူ ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။(NVS 004)