“ကုန်သွယ်မှုကဏ္ဍ ပို့ကုန်သွင်းကုန်လုပ်ငန်းများ လွယ်ကူချောမွေ့စေရေး အကောင်အထည်ဖော်ဆောင်ရွက်မည်”

12 Apr

ကုန်သွယ်မှုကဏ္ဍမှာ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းတွေ လွယ်ကူချောမွေ့စေဖို့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ က ပြောကြားခဲ့ပါတယ်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ ဧပြီလ ၁၁ ရက်က ကျင်းပပြုလုပ်တဲ့ ဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများသို့ လမ်းညွှန်အမှာစကားပြောကြားသည့်အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ က အဖွင့်အမှာစကားပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီးက နယ်စပ်ကုန်သွယ်မှုကတစ်ဆင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုန်သွယ်မှု ပိုမိုမြှင့်တင် နိုင်ရေးကို ကြိုးပမ်းအားထုတ်ဆောင်ရွက်ရန် လိုအပ်သလို၊ နိုင်ငံတော်သမ္မတရဲ့ လမ်းညွှန်ချက်တွေဖြစ်တဲ့ နိုင်ငံနဲ့ ကိုက်ညီတဲ့ ဈေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန်၊ ပြည်ပရောင်းတန်းဝင်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးအတွက် ကုန်ထုတ်လုပ်သူများကို အားပေးဆောင်ရွက်သွားကြရန်နှင့် ပို့ကုန်တိုးမြှင့်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ်တာကာလအတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှာ ဖွံ့ဖြိုး တိုးတက်အောင်မြင်မှုများ ရရှိခဲ့ပြီး ဆက်လက်တိုးတက်မှုရရှိအောင် သက်ဆိုင်တဲ့အစိုးရဌာန၊ ပုဂ္ဂလိကလုပ်ငန်းရှင်၊ အသင်းအဖွဲ့များနဲ့ ပူးပေါင်းဆောင်ရွက်သွားကြဖို့ လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ပြည်တွင်းမှာ စိုက်ပျိုးထွက်ရှိတဲ့ ကော်ဖီ၊ သီဟိုဠ်၊ သရက်၊ ဒူးရင်း၊ ထောပတ်စတဲ့ လယ်ယာထွက်ကုန် ပစ္စည်းများကို တန်းဖိုးမြှင့်ထုတ်ကုန်အဖြစ် တိုးချဲ့တင်ပို့နိုင်ရေး၊ နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်တင်ပို့နိုင်ရေးနဲ့ ဈေးကွက်ရရှိနိုင်ရေးတို့အတွက် ပြည်ပနိုင်ငံတွေမှာ စေလွှတ်ထားတဲ့ စီးပွားရေးသံမှူးတွေကို တာဝန်ပေးပြီး ချိတ်ဆက်ဆောင်ရွက်သွားဖို့ကိုလည်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့ပါတယ်။ ဒါ့အပြင် ပြည်တွင်းစားသုံးဆီ ဖူလုံမှုရှိစေဖို့နဲ့ ပြည်ပကနေ စားသုံးဆီတင်သွင်းမှုကို လျှော့ချနိုင်ဖို့အတွက် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ် စတဲ့ ဆီထွက်သီးနှံများအပါအဝင် စိုက်ပျိုးရေးကဏ္ဍအတွက်လိုအပ်တဲ့ သွင်းအားစုများ၊ လယ်ယာသုံးစက်ပစ္စည်းများ တင်သွင်းနိုင်ဖို့ ပံ့ပိုးကူညီပေးသွားရမှာဖြစ်ပြီး စားသုံးသူအခွင့်အရေးနဲ့ အကျိုးစီးပွားကို ကာကွယ်ပေးရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းများ လုံခြုံစိတ်ချမှုရှိစေရေးနဲ့ ကုန်စည်အရည်အသွေးဆိုင်ရာ စိစစ်ကြပ်မတ်ရေးတို့ကိုလည်း အလေးထားဆောင်ရွက်ရန်တို့ကို မှာကြားပါတယ်။ ဒါ့အပြင် စီးပွားရေးဂေဟစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီကောင်းမွန်တဲ့ မူပိုင်ခွင့်ဆိုင်ရာ အကာအကွယ် ပေးရေးဥပဒေများကို ပြဌာန်းထားပြီးဖြစ်လို့ ၎င်းဥပဒေတွေရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အကာအကွယ်ပေးနိုင်ဖို့ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားရန်ကိုလည်း လိုအပ်မှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။(NVS 004)

12 Apr

ADVERTISE HERE .