“ထောက်ရှာပင်-ကမ်းနီရေနံမြေတွင် ရေနံတိုးမြှင့်ထုတ်ယူရရှိရေး လက်မှတ်ရေးထိုးပွဲကျင်းပ”
12 Apr
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန နှင့် North Petro-Chem Corporation (Myanmar)Limited တို့အကြား ထောက်ရှာပင်-ကမ်းနီရေနံမြေတွင် ရေနံတိုးမြှင့်ထုတ်လုပ်ရန်အတွက် ရေနံတိုးတက်ထုတ်ယူရေးစာချုပ် လက်မှတ် ရေးထိုးပွဲအခမ်းအနားကို နေပြည်တော် Park Royal Hotel ၌ ဧပြီလ ၁၀ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားတွင် မိမိတို့နိုင်ငံတော် အစိုးရအဖွဲ့အသစ်အနေဖြင့် နိုင်ငံတော်၏ စာမျက်နှာသစ် စတင်ဖွင့်လှစ် သည့် အခါသမယတွင် နိုင်ငံတော်နှင့် ပြည်သူများအတွက် အထူးလိုအပ်နေသော ရေနံစိမ်းတိုးမြှင့်ထုတ်လုပ်နိုင်ရန် သဘောတူစာချုပ် ချုပ်ဆိုနိုင်ခြင်းမှာ လွန်စွာဂုဏ်ယူဖွယ်ဖြစ်ပါကြောင်းနှင့် ရေနံစိမ်းများ တိုးမြှင့်ထွက်ရှိလာပါက နိုင်ငံတော်အတွက်လိုအပ်သည့် စက်သုံးဆီများ တိုးမြှင့်ချက်လုပ်လာနိုင်မှာဖြစ်ရာ ပြည်သူများအတွက် ချက်ခြင်း လက်ငင်း အကျိုးကျေးဇူးဖြစ်ထွန်းစေမည့် စီမံကိန်းတစ်ခုဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ထောက်ရှာပင်-ကမ်းနီ ရေနံမြေသည် သက်တမ်းနှစ် ၅၀ ခန့် ရှိပြီဖြစ်ရာ အထွက်တိုးလာစေရန် အတွက် ခေတ်မီနည်းပညာများကို အသုံးပြုရမည်ဖြစ်သည်နှင့်အညီ မှန်ကန်သည့် နည်းပညာရွေးချယ်အသုံးပြုနိုင်မှု၊ သင့်လျော်သည့် စက်ပစ္စည်းကိရိယာ ရွေးချယ်အသုံးပြုနိုင်မှု၊ လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်နှင့် အရင်းအနှီး စိုက်ထုတ်နိုင်မှု၊ အတွေ့အကြုံရှိမှုစသည့် လိုအပ်ချက်များကို ဟန်ချက်ညီဖြည့်ဆည်းနိုင်ရန် လိုအပ်သည်ဖြစ်ရာ ယင်းအခြေခံ လိုအပ်ချက်များကိုစိစစ်ပြီး အသင့်လျော်ဆုံးဖြစ်သည့် အဖွဲ့အစည်းအားရွေးချယ်၍ စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့ပါတယ်။(NVS 004)