“သောက်သုံးရေ ဂါလန် ၂၃၇ သန်းကို ရန်ကုန်မှာ နေ့စဉ်ဖြန့်ဖြူးပေးနေ”
12 Apr
ရန်ကုန်တိုင်းဒေသကြီးအတွင်း သောက်သုံးရေလုံလောက်စွာ ရရှိရေးအတွက် ရေဂါလန် ၂၃၇ သန်းကို နေ့စဉ် ဖြန့်ဖြူးပေးနေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(YCDC)၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) မှ သိရပါတယ်။ သောက်သုံးရေများကို ရေအရင်းအမြစ်များဖြစ်တဲ့ ဂျိုးဖြူ၊ ဖူးကြီး၊ လှော်ကား၊ ငမိုးရိပ် ရေလှောင်ကန်နှင့် လဂွန်းပြင် ရေသန့်စင်စက်ရုံတို့မှတစ်ဆင့် ရေတွန်းစက်ကြီးများနှင့် ထပ်ဆင့်ရေတွန်းစက်များ အသုံးပြုကာ ရန်ကုန်မြို့တွင်းသို့ ရေပို့ပိုက်မကြီးများ၊ ရေဖြန့်ဝေပိုက်များဖြင့် ဖြန့်ဝေပေးနေခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ရေတွန်းစက်ကြီးများ ရေပေးဝေရေးစနစ်တွင် လျှပ်စစ်မီးပြတ်တောက်ပြီး ပြန်လည်ရရှိချိန်၌ ချက်ချင်းမောင်းနှင်နိုင်ရန် ဆောင်ရွက်ထားရှိကြောင်းနှင့် ရန်ကုန်မြို့တွင်းသို့ ရေအမြန် ပြန်လည်ရောက်ရှိနိုင်ရေး အတွက် ရေပို့ပိုက်လိုင်းအတွင်း လေခိုမှုများအား မီးသတ်ငုတ်များ၊ Washout များဖွင့်ထုတ်၍ လေထုတ်ပေးခြင်း များကို မြို့နယ်တာဝန်ခံများက အချိန်နဲ့တပြေးညီ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဆက်လက်ပြီး နွေရာသီရောက်ရှိလာပြီဖြစ်၍ ရေစုကန်များတွင် ရေအမြဲဖြည့်တင်းထားကာ ရေပေးဝေရေး စခန်း ရေစုကန်များတွင် ရေတိုင်များထားကာ ရေအခက်အခဲဖြစ်ပေါ်သည့် နေရာများသို့လည်း ရပ်ကွက်အုပ်ချုပ်ရေး မှူးများနှင့်ပူးပေါင်းပြီး ရေကားများဖြင့် လိုက်လံပေးဝေဆောင်ရွက်လျက်ရှိနေကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှတာဝန်ရှိသူ တစ်ဦးထံမှ သိရပါတယ်။(NVS 004)