“ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များအတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီအပါအဝင် ကော်မတီ ၃ ခုဖြင့် ဖွဲ့စည်းဆောင်ရွက်မည်”
12 Apr
ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များအတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီအပါအဝင် ကော်မတီ ၃ ခုဖြင့် ဖွဲ့စည်းလိုက်ကြောင်း ဧပြီလ ၁၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ၎င်းကော်မတီများမှာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ (National Solidarity and Peace-making Central Committee)၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ (National Solidarity and Peace-making Working Committee)နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (National Solidarity and Peace-making Negotiation Committee) တို့ဖြစ်ပါတယ်။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ဥက္ကဋ္ဌအဖြစ်ဦးဆောင်ပြီး ဒုတိယဥက္ကဋ္ဌအဖြစ် ဒုတိယသမ္မတ(၁) ဦးညိုစော က တာဝန်ယူ ထားကာ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အတွင်းရေးမှူး၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် က တွဲဖက် အတွင်းရေးမှူး အဖြစ် တာဝန်ယူထားပြီး စုစုပေါင်း အဖွဲ့ဝင် ၁၅ ဦးဖြင့် ပါဝင်ဖွဲ့စည်းထားပါတယ်။ အဆိုပါဗဟိုကော်မတီကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်စေရေးအတွက် လိုအပ်သောမူဝါဒများ ချမှတ်ပေးခြင်းနှင့် ဦးဆောင်လမ်းညွှန်မှုပေးခြင်းတို့ ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီကိုလည်း ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ လုပ်ငန်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဒုတိယသမ္မတ ဦးညိုစော၊ ဒုတိယဥက္ကဋ္ဌများအဖြစ် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တို့က တာဝန်ယူထားသလို ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က အတွင်းရေးမှူးအဖြစ်တာဝန်ယူထားပြီး စုစုပေါင်းအဖွဲ့ဝင် ၃၅ ဦး ပါဝင်ပါတယ်။ ဒါ့အပြင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတွင်လည်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် က အတွင်းရေးမှူး၊ ဗိုလ်မှူးကြီး ဝဏ္ဏအောင် က တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ယူထားကာ စုစုပေါင်းအဖွဲ့ဝင် ၁၉ ဦးဖြင့် ဖွဲ့စည်း ခဲ့တာဖြစ်ပါတယ်။ ၎င်းညှိနှိုင်းရေးကော်မတီကို ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းများအား တာဝန်ယူဆောင်ရွက်နိုင်ရန်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီက ချမှတ်ပေးသောလုပ်ငန်းတာဝန် များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။(NVS 004)