“အမေရိကန်နှင့် အီရန်တို့ကြားဆွေးနွေးပွဲများ ပါကစ္စတန်၌စတင် အသေးစိတ်ညှိနှိုင်းမှုများပြုလုပ်နေ”
12 Apr
အမေရိကန်နိုင်ငံနှင့် အီရန်နိုင်ငံတို့ကြား ဆွေးနွေးပွဲများကို ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့၌ ဧပြီလ ၁၁ ရက်တွင် စတင်ပြုလုပ်ရာ လက်ရှိတွင် အသေးစိတ်ဆွေးနွေးမှုများသို့ ရောက်လာပြီဖြစ်သောကြောင့် ဆွေးနွေးပွဲသက်တမ်းကို တစ်ရက်ထပ်မံတိုးမြှင့်ဖွယ်ရှိကြောင်းသိရသည်။ ဆွေးနွေးပွဲများမစတင်မီ ပါကစ္စတန်ဝန်ကြီးချုပ်က အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်၊ အီရန်ကိုယ်စားလှယ် အဖွဲ့တို့နှင့် သီးခြားစီတွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်သည်။ တစ်ချိန်တည်းမှာပင် အမေရိကန်ဘက်က ထိန်းချုပ်ထားသော အီရန်၏ပိုင်ဆိုင်မှုများကို ပြန်ပေးရန်နှင့် လက်ဘနွန်နိုင်ငံ၌ ပစ်ခတ်မှုရပ်စဲရန် သဘော တူသည်ဟု အီရန်နိုင်ငံပိုင်ရုပ်သံဌာနက ထုတ်လွှင့်ခဲ့သော်လည်း ထုတ်လွှင့်ခဲ့သော်လည်း အမေရိကန်တာဝန်ရှိသူ တစ်ဦးကမူ ၎င်းတို့အနေဖြင့် ထိုကဲ့သို့ သဘောတူထားခြင်းမရှိကြောင်း ငြင်းဆိုထားသည်။ လက်ရှိတွင် နှစ်ဖက်ကိုယ်စားလှယ်များသည် အရေးကြီးသည့်အချက်အလက်များကို အသေးစိတ်ညှိနှိုင်း ဆွေးနွေးနေပြီး ဆွေးနွေးပွဲရလဒ်နှင့်ပတ်သက်၍ အပြုသဘောဆောင်သည့် အရိပ်အယောင်များ ရှိနေကြောင်း သိရသည်။ ယခုဆွေးနွေးပွဲတွင် အဓိကအားဖြင့် နျူကလီးယားဆိုင်ရာ ကိစ္စရပ်များနှင့် ပိတ်ဆို့အရေးယူမှုများကို မည်သို့လက်တွေ့ အကောင်အထည်ဖော်မည်နှင့်ပတ်သက်၍ ဆွေးနွေးနေခြင်းဖြစ်သည်။ အိမ်ဖြူတော်နှင့် အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ကလည်း ယခုဆွေးနွေးပွဲမှတစ်ဆင့် နှစ်ဦးနှစ်ဖက်သဘောတူညီချက်များရရှိရန် မျှော်လင့်ထားသည်။