“ဆော်ဒီအာရေဗျရေနံလုပ်ငန်းများ တိုက်ခိုက်ခံရမှုကြောင့် ကမ္ဘာ့ရေနံဈေးကွက်၌ ရေနံစိမ်းဈေးနှုန်းများ ပြန်လည်မြင့်တက်လာ”
11 Apr
ဆော်ဒီအာရေဗျ ရေနံလုပ်ငန်း အခြေခံအဆောက်အအုံများ တိုက်ခိုက်ခံခဲ့ရပြီးနောက် ကမ္ဘာ့ရေနံဈေးကွက်၌ ရေနံဈေးနှုန်းများ အနည်းငယ်ပြန်လည် မြင့်တက်လာကြောင်း Xinhua သတင်းဌာနက ဖော်ပြထားသည်။ အမေရိကန်နှင့် အီရန်နိုင်ငံတို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကြောင့် ကမ္ဘာ့ရေနံဈေးနှုန်း ယာယီတည်ငြိမ်ခဲ့သော်လည်း ဆော်ဒီအာရေဗျရေနံလုပ်ငန်းများ တိုက်ခိုက်ခံခဲ့ရပြီးနောက် ရေနံဈေးနှုန်း အနည်းငယ် ပြန်လည်မြင့်တက်လာကြောင်း ဈေးကွက်ကျွမ်းကျင်သူများက ပြောကြားထားသည်။ ရေနံဈေးကွက်၌ ဘရန့်စံမှတ်ရေနံစိမ်းများမှာ တစ်စည်လျှင် သုည ဒသမ ၈၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၉၆ ဒသမ ၇၅ ဒေါ်လာထိ ရောက်ရှိခဲ့သည်။ အမေရိကန်နှင့် အီရန်တို့ကြား ရက်သတ္တ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူခဲ့ပြီးနောက် ဆော်ဒီအာရေဗျ ရေနံလုပ်ငန်းများ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။ ဧပြီလ ၈ ရက်တွင် ဖြစ်ပွားခဲ့သည့် ဆော်ဒီအာရေဗျရေနံလုပ်ငန်းများ တိုက်ခိုက်ခံရမှုတွင် အီရန်နိုင်ငံ ပါဝင်ပတ်သက်မှုမရှိကြောင်း အီရန်အစိုးရက ပြောကြားထားသည်။ အမေရိကန်နှင့် အီရန်တို့သည် ပါကစ္စတန် နိုင်ငံ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် ဧပြီလ ၇ ရက်တွင် အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း အရှေ့အလယ် ပိုင်းရှိ ရေနံလုပ်ငန်းများမှာ တိုက်ခိုက်ခံနေရဆဲဖြစ်ကြောင်း သိရသည်။