“ပြည်ပနိုင်ငံသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်သိန်းသုံးသောင်းကျော်တင်ပို့ထား”
10 Apr
ပြည်ပနိုင်ငံသို့ မတ်လ တစ်လတာကာလအတွင်း ဆန်နှင့်ဆန်ကွဲတင်ပို့သည့် ကုမ္ပဏီ ၅၆ ခုမှ အမေရိကန်ဒေါ်လာ ၇၁ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်သိန်းသုံးသောင်းကျော် တင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။ မြန်မာ့ဆန်နှင့်ဆန်ကွဲကို ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှ ၁၄၃,၉၄၇ တန်နှင့် နယ်စပ်ကုန်သွယ်ရေးမှ ၉၀,၇၄၃ တန် စုစုပေါင်းတန် ၂၃၄,၆၉၀ တင်ပို့ခဲ့ခြင်းဖြစ်ပါတယ်။ မတ်လအတွင်း ပြည်ပသို့ ဆန်တင်ပို့ရာတွင် မဒါဂတ်စကာနိုင်ငံသို့ ၅၈,၆၉၆ တန်ဖြင့် အများဆုံးတင်ပို့နိုင်ခဲ့ပြီး တရုတ်၊ စပိန်၊ ဖိလစ်ပိုင်နှင့် ပိုလန်နိုင်ငံတို့အပါအဝင် စုစုပေါင်း ၂၈ နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆန်ကွဲကိုလည်း တရုတ်နိုင်ငံသို့တန်ချိန် ၇၃,၉၂ဝ တန်ဖြင့် အများဆုံးတင်ပို့ထားကာ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ပိုလန်၊ စပိန်နှင့် ဗြိတိန်နိုင်ငံတို့အပါအဝင် စုစုပေါင်း ၁၂ နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း သိရပါတယ်။ (NVS 004)