“အစ္စရေး၏ တိုက်ခိုက်မှုများက မိမိကိုယ်မိမိခုခံကာကွယ်ခြင်းဘောင်အတွင်း အကျုံးမဝင်ဟု ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲပြော”
10 Apr
အစ္စရေးနိုင်ငံက လက်ဘနွန်နိုင်ငံအပေါ် လုပ်ဆောင်သည့်တိုက်ခိုက်မှုများသည် မိမိကိုယ်မိမိ ခုခံကာကွယ် ခြင်းဘောင်အတွင်း အကျုံးမဝင်ကြောင်း ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒဆိုင်ရာအကြီးအကဲ ကာဂျာကားလက် က ဧပြီလ ၉ ရက်တွင် ပြောကြားလိုက်သည်။ အစ္စရေးနိုင်ငံ၏ မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်သည် ယခုကဲ့သို့ တိုက်ခိုက်မှုများလုပ်ဆောင်ရန်အတွက် ခိုင်လုံသည့် အကြောင်းပြချက်မဖြစ်နိုင်ကြောင်း၊ ထို့ပြင် အစ္စရေး၏ တိုက်ခိုက်မှုများသည် ဒေသတွင်းတည်ငြိမ်မှုကို ပိုမိုပျက်ပြားစေမည့် အန္တရာယ်ရှိသည့်အပြင် အမေရိကန်နှင့် အီရန် အကြား အပစ်အခတ်ရပ်စဲရေးကို ဖိအားပေးခြိမ်းခြောက်လျက်ရှိကြောင်း ကားလက်က ဆက်လက်ပြောကြားထား သည်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်၍ လက်ဘနွန်နိုင်ငံအပေါ် လုပ်ဆောင်ခဲ့သော အစ္စရေး၏တိုက်ခိုက်ခဲ့မှုကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးနိုင်ငံမြောက်ပိုင်းဒေသများကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ ကြောင်း ဟစ်ဇဘိုလာပြောက်ကျားတပ်ဖွဲ့က ဧပြီလ ၉ ရက်တွင် ၎င်းတို့၏ ဆိုရှယ်မီဒီယာမှတစ်ဆင့် ပြောကြားခဲ့ ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။