“အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေးကို အာရှပစိဖိတ်နိုင်ငံများ ကြိုဆို”

10 Apr

ထိုင်းဒုတိယဝန်ကြီးချုပ် ဆူဖာဂျီဆူသမ်ပန်က အမေရိကန်နှင့်အီရန်ကြား နှစ်ပတ်ကြာအပစ်အခတ် ရပ်စဲရေးကြေညာချက်ကို ကြိုဆိုပြီး အပြုသဘောဆောင်သည့် ဖွံ့ဖြိုးတိုးတက်မှုဖြစ်ကြောင်း ဧပြီလ ၈ ရက်က ပြောကြားသည်။ ရေနံနှင့်အခြားလိုအပ်သောထုတ်ကုန်များ လုံလောက်စွာ ထောက်ပံ့မှုရှိစေရန် အရှေ့အလယ်ပိုင်း အခြေအနေကို စဉ်ဆက်မပြတ် စောင့်ကြည့်နေကြောင်း ၎င်းက သတင်းထောက်များအား ပြောကြားသည်။ အပစ် အခတ်ရပ်စဲရေး၏ရလဒ်ကြောင့် ရေနံနှင့်အခြားကုန်ပစ္စည်းများထောက်ပံ့မှုကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။ အလားတူ အင်ဒိုနီးရှားနှင့်မလေးရှားနိုင်ငံတို့ကလည်း အမေရိကန်-အီရန် အပစ် အခတ်ရပ်စဲရေးကို ထောက်ခံခဲ့သည်။ ယခုကဲ့သို့ အပစ်အခတ်ရပ်စဲရေးရရှိမှုသည် အရှေ့အလယ်ပိုင်း၌ တင်းမာမှုများလျော့ကျရန် ဘက်ပေါင်းစုံမှ ကူညီထောက်ပံ့ပေးလျက်ရှိသည့် ကမ္ဘာ့နိုင်ငံများ၏ ကြိုးစားမှုတစ်ရပ်အဖြစ်ရှုမြင်ပါကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ ထို့ပြင် အမြဲတမ်းအပစ်အခတ်ရပ်စဲရေး ရရှိစေ ရန်အတွက် ကြိုးပမ်းအားထုတ်မှုများကိုလည်း ထောက်ခံကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။ မလေးရှား အစိုးရက အပစ်အခတ်ရပ်စဲရေးကို အပြည့်အဝလေးစားလိုက်နာကြရန် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ကမ္ဘာ့စီးပွားရေးနှင့် စွမ်းအင်လုံခြုံရေးကို ထိခိုက်စေနိုင်သည့် ရန်လိုသောလုပ်ရပ်များ သို့မဟုတ် တစ်ဖက်သတ် အစီအမံများကို ရှောင်ရှားကြရန်လည်း နိုင်ငံများကို တောင်းဆိုထားသည်။ အလားတူ ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘာနီစ်က အပစ်အခတ်ရပ်စဲရေးကိုကြိုဆိုပြီး အီရန်အနေဖြင့် ၎င်း၏တောင်းဆိုချက်များကို မလိုက်နာပါက “အီရန်လူ့အဖွဲ့အစည်းတစ်ခုလုံးဖျက်ဆီးခံရမည်” ဟု သမ္မတ ဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက် ပြောကြား ချက်အပေါ် ဝေဖန်ခဲ့သည်ဟု NHK သတင်းဌာန ဖော်ပြချက်အရ သိရသည်။

10 Apr

ADVERTISE HERE .