“ဂွါဒီယိုလာ ကို အီတလီလက်ရွေးစင်နည်းပြအဖြစ် ခန့်အပ်ဖို့ စဉ်းစားနေတဲ့ အီတလီဘောလုံးအဖွဲ့ချုပ်(FIGC)”
09 Apr
အီတလီဘောလုံးအဖွဲ့ချုပ်(FIGC) က မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ ကို အီတလီလက်ရွေးစင် နည်းပြအဖြစ် ခန့်အပ်ဖို့ စဉ်းစားနေကြောင်း သတင်းများထွက်ပေါ်နေပါတယ်။ FIGC ဟာ ဂတ်တူဆို နုတ်ထွက်သွားတာကြောင့် လစ်လပ်နေတဲ့ နည်းပြရာထူးအတွက် အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေရာမှာ အစောပိုင်းတုန်းက ကွန်တီ၊ အယ်လီဂရီနဲ့ မန်စီနီ တို့သာ နာမည်ထွက်ခဲ့ပေမယ့် လက်ရှိအချိန်မှာ ဂွါဒီယိုလာ ပါဝင်လာခြင်းဖြစ်ပါတယ်။ စပိန်လူမျိုး ဂွါဒီယိုလာ ဟာ ကိုင်တွယ်သမျှ ကလပ်အသင်းတိုင်းကို အောင်မြင်မှုများစွာ ရယူပေးနိုင်ခဲ့သူဖြစ်ပြီး လက်ရှိကလပ် မန်စီးတီးအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပေမယ့် လာမယ့်နွေရာသီမှာ လမ်းခွဲဖွယ်ရှိကြောင်း ထင်ကြေးပေးမှုတွေ ရှိနေပါတယ်။ ဂွါဒီယိုလာက လက်ရွေးစင်အသင်းတစ်သင်းကို ကိုင်တွယ်ပြီး ကမ္ဘာ့ဖလား၊ ယူရို ဒါမှမဟုတ် ကိုပါအမေရိက ယှဉ်ပြိုင်ရတဲ့ အတွေ့အကြုံရယူသွားလိုကြောင်း ပြောကြားခဲ့ဖူးတာကြောင့် FIGC က နည်းပြသစ်အဖြစ် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)