“CNG မော်တော်ယာဉ်များ စစ်ဆေးမှုမဖြစ်မနေလိုက်နာရန် စွမ်းအင်ဝန်ကြီးဌာနအသိပေး”

09 Apr

စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနမှ အများပြည်သူသယ်ယူ ပို့ဆောင်ရေးကဏ္ဍမှာ လုံခြုံရေးနှင့်စနစ်တကျ အသုံးပြုနိုင်ရေးအတွက် CNG မော်တော်ယာဉ်များအနေနဲ့ စည်းကမ်းများကို တိတိကျကျလိုက်နာရန် အသိပေးထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်ချက်အရ ရန်ကုန်၊ မန္တလေး၊ ပလိပ်နှင့် မကွေးတိုင်းဒေသကြီးရှိ ချောက်နှင့် ရေနံချောင်းမြို့များမှာ CNG အရောင်းဆိုင်များကို ပိတ်ရက်မရှိဖွင့်လှစ်၍ ဈေးနှုန်းချိုသာစွာနဲ့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရပါတယ်။ CNG က ဖိအားမြင့်နဲ့ ဆလင်ဒါအိုးအတွင်း ဖိသိပ်ထားသော ဓာတ်ငွေ့ဖြစ်တာကြောင့် အိုး၊ ပိုက်နှင့် စနစ်များ မလုံခြုံပါက ယိုစိမ့်၍ မီးလောင်ပေါက်ကွဲနိုင်သော အန္တရာယ်ရှိကြောင်း သတိပေးထားပါတယ်။ ဒါကြောင့် ယာဉ်များကို နှစ်စဉ်စစ်ဆေးမှု (Annual Inspection) ပြုလုပ်ပြီး စစ်ဆေးမှုအောင်မြင်သည့် ယာဉ်များကိုသာ CNG အသုံးပြုခွင့် ဆက်လက်ခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် CNG ဆလင်ဒါအိုးများကို ၅ နှစ်ပြည့်တိုင်း စစ်ဆေးရမည်ဖြစ်ပြီး ၁၅ နှစ်ကျော်လွန်တဲ့ အိုးများကို အရည်အသွေးအပေါ် မူတည်၍ ထပ်မံစစ်ဆေးကာ အသုံးပြုခွင့်သတ်မှတ်ခဲ့ပေမယ့် အများစုကို ပယ်ဖျက်သွားမည် ဖြစ်ကြောင်း သိရပါတယ်။ CNG မော်တော်ယာဉ်ပိုင်ရှင်များအနေနဲ့ နှစ်ပတ်လည်စစ်ဆေးမှုများကို မဖြစ်မနေ လာရောက်စစ်ဆေးရမှာ ဖြစ်ပြီး စည်းကမ်းမလိုက်နာတဲ့ယာဉ်များကို ဓာတ်ငွေ့ရောင်းချပေးမှုမှရပ်ဆိုင်းမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။ ဒါ့အပြင် ၂၀၂၆ ခုနှစ် ဧပြီလ ၃၀ ရက်အတွင်း စစ်ဆေးမှုများကို ပြီးစီးစေရန် လာရောက်ဆောင်ရွက်ရန် တိုက်တွန်း ထားပြီး သတ်မှတ်ကာလအတွင်း မလာရောက်ပါက မေလ ၁ ရက်မှစ၍ သတ်မှတ်ပြစ်ဒဏ်များ ချမှတ်မည် ဖြစ်ကြောင်း ကြေညာထားပါတယ်။ စည်းကမ်းမလိုက်နာသော ၅ နှစ်ကျော်သော ယာဉ်များကို CNG စာရင်းမှ အပြီးပယ်ဖျက်မည်ဖြစ်ပြီး အချိန်မီ စစ်ဆေးခြင်းမရှိတဲ့ ယာဉ်များအတွက် CNG ဝယ်ယူခွင့်ကို သတ်မှတ်ကာလအလိုက် ရပ်ဆိုင်းရမှာ ဖြစ်ပါတယ်။ စွမ်းအင်ဝန်ကြီးဌာနက ပြည်သူများ၏ လုံခြုံရေးအတွက် အဆိုပါ စစ်ဆေးရေးအစီအစဉ်များကို အထူးအလေးထား လိုက်နာရန် CNG မော်တော်ယာဉ်ပိုင်ရှင်များအား တိုက်တွန်းထားပါတယ်။ (NVS 004)

09 Apr

ADVERTISE HERE .