ရန်ကုန်တိုင်းဒေသကြီးတွင် သင်္ကြန်ကာလအတွင်း ယာဉ်မောင်းသူများ လိုက်နာရမည့်အချက်များ ထုတ်ပြန်

08 Apr

ရန်ကုန်တိုင်းဒေသကြီး၌ လာမည့်သင်္ကြန်ကာလအတွင်း ယာဉ်မောင်းသူများ အရက်သေစာသောက်စား ထားခြင်း ရှိ/ မရှိ ကို အရက်မူးတိုင်းကိရိယာ (Alcohol Tester) ဖြင့် တိုင်းတာစစ်ဆေးပြီး ချိုးဖောက်ပါက ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးကြေညာထားပါတယ်။ မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်ကို ၂၀၂၆ ခုနှစ် ဧပြီလ ၁၃ ရက်မှ ၁၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ယာဉ်မောင်းသူများ သတိပြုရန်အချက် ၁၁ ချက်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ယာဉ်မောင်းနှင်သူများ အနေနဲ့ မူးယစ်သောက်စားယာဉ်မမောင်းရန်၊ အပျော်လွန်ကျူးစည်းကမ်းမဲ့ပြိုင်မမောင်းရန်၊ လုမမောင်းရန်၊ မော်တော်ယာဉ်များတွင်အိတ်ဇောပိုက်ဖြုတ်မမောင်းရန် စသည့်အချက်များ ကြေညာချက်တွင် ပါဝင်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာအလံများကို ယာဉ်တွင်တပ်ဆင်၍ မောင်းနှင်ခြင်းမပြုရန်၊ ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်း မည်သည့်မော်တော်ဆိုင်ကယ်/ဘေးတွဲဆိုင်ကယ်များမှ စီးနင်းခြင်း လုံးဝမပြုရန် သတိပေးချက် တွင် ဖော်ပြထားပါတယ်။ အဆိုပါသတ်မှတ်ချက်များကို ကျူးလွန်ပါက တည်ဆဲဥပဒေအရ ထိရောက်စွာအရေးယူ သွားမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။ (NVS 004)

08 Apr

ADVERTISE HERE .