စစ်ရေးတောင်းဆိုချက်များကို လက်ခံရန်အတွက် နောက်ဆုံးသတ်မှတ်ချက်အား လိုက်နာခြင်းမရှိပါက အီရန်၏ယဉ်ကျေးမှုတစ်ခုလုံးကို ပြိုကျပျက်စီးမည်ဟု ထရမ့်သတိပေး
08 Apr
အီရန်နိုင်ငံအနေဖြင့် အမေရိကန်၏စစ်ရေးတောင်းဆိုချက်များကိုလက်ခံရန် ပေးအပ်ထားသော နောက်ဆုံး သတ်မှတ်ချက်အား လိုက်နာခြင်းမရှိပါက အီရန်၏ယဉ်ကျေးမှုတစ်ခုလုံး ပြိုကျပျက်စီးသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီလ ၇ ရက်တွင် သတိပေးလိုက်သည်။ အမေရိကန်၏ တောင်းဆိုချက်ကို လိုက်နာခြင်းမရှိပါက အီရန်၏ယဉ်ကျေးမှုတစ်ခုလုံးပြိုကျပျက်စီးသွားမည်ဖြစ်ပြီး မည်သည့်အခါမျှ ပြန်လည် ရရှိနိုင်မည်မဟုတ်ကြောင်း၊ အမေရိကန်အနေဖြင့် ထိုသို့လုပ်ဆောင်ရန်လိုလားခြင်းမရှိကြောင်း ထရမ့်က ၎င်း၏ ဆိုရှယ်မီဒီယာပေါ်တွင် ရေးသားဖော်ပြထားသည်။ သို့သော် အီရန်၏ယဉ်ကျေးမှုတစ်ခုလုံးပြိုကျပျက်စီးသွားမည်ဟူသော ပြောဆိုမှုနှင့်စပ်လျဉ်း၍ အသေးစိတ် အချက်အလက်များကို ထရမ့်ကထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း အမေရိကန်အနေဖြင့် အီရန် နိုင်ငံရှိ တံတားများ၊ ဓာတ်အားပေးစက်ရုံများနှင့် အခြားအရပ်ဘက် အခြေခံအဆောက်အဦများကို ကျောက်ခေတ်သို့ ပြန်လည်ရောက်သွားသည်အထိ ဗုံးကြဲ တိုက်ခိုက်နိုင်ကြောင်း ယခင်ကပြောကြားထားပြီးဖြစ်ကြောင်းသိရသည်။ အရှေ့အလယ်ပိုင်းမှ ရေနံနှင့်အခြားကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် အရေးပါသော ရေလမ်းကြောင်း ဖြစ်သည့် ဟော်မုရေလက်ကြားကို အီရန်ကပိတ်ဆို့ထားခြင်းအား ရပ်တန့်ပေးရန် အမေရိကန် က ဧပြီလ ၈ ရက် နံနက် ၈ နာရီ နောက်ဆုံးသတ်မှတ်ရက်အဖြစ်ကြေညာထားကြောင်း ST သတင်းဌာနဖော်ပြချက်အရ သိရသည်။