“အီရန်နိုင်ငံအပေါ် ၃၇ ရက်နီးပါးကြာ စစ်ဆင်ရေးကာလအတွင်း အမေရိကန် က ဒေါ်လာ ၄၂ ဒသမ ၁ ဘီလီယံ ကျော် အသုံးပြုခဲ့ရဟုဆို"

07 Apr

အမေရိကန်ပြည်ထောင်စုသည် အီရန်နိုင်ငံအပေါ် ၃၇ ရက်နီးပါးကြာ စစ်ဆင်ရေးကာလအတွင်း အမေရိကန် ဒေါ်လာ ၄၂ ဒသမ ၁ ဘီလီယံကျော် အသုံးပြုခဲ့ရကြောင်းနှင့် အီရန်စစ်ပွဲကုန်စရိတ်အား ခြေရာခံသည့်ဝက်ဆိုဒ် က ဖော်ပြသည်။ အဆိုပါ ဝက်ဆိုဒ်၏ အချိန်နှင့်တစ်ပြေးညီ တွက်ချက်မှုများသည် မတ်လ ၁၀ ရက်က အမေရိကန် လွှတ်တော်သို့ တင်ပြခဲ့သည့် ပင်တဂွန်စစ်ဌာနချုပ်၏အစီရင်ခံစာအပေါ် အခြေခံထားခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ အစီရင်ခံစာသည် အရှေ့အလယ်ပိုင်းဒေသ၌ စစ်မီးစတင်တောက်လောင်ခဲ့သည့် ပထမဆုံးခြောက်ရက် အတွင်း အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၃ ဘီလီယံအသုံးပြုခဲ့ရပြီး နောက်ပိုင်းရက်များတွင် တစ်ရက်လျှင် ပျမ်းမျှ ဒေါ်လာ ၁ ဘီလီယံခန့် ထပ်မံသုံးစွဲရန် လျာထားခဲ့ကြောင်း ဖော်ပြထားသည်။ အမေရိကန်နှင့်အစ္စရေးတို့သည် ဖေဖော်ဝါရီလ ၂၈ ရက်တွင် အီရန်အပေါ် စစ်ဆင်ရေးတစ်ရပ်ကို စတင်ခဲ့ခြင်း ဖြစ်ပြီး တီဟီရန်အပါအဝင် အီရန်၏အဓိကမြို့ကြီးများ တိုက်ခိုက်ခံခဲ့ရသည်။ အလားတူပင် အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ကလည်း အမေရိကန်နှင့် အစ္စရေးတို့အား တုံ့ပြန်သည့်အနေဖြင့် အစ္စရေး၊ ဘာရိန်း၊ ဂျော်ဒန်၊ အီရတ်၊ ကာတာ၊ ကူဝိတ်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး)နှင့် ဆော်ဒီအာရေဗျ နိုင်ငံများအတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ပြန်လည်တိုက်ခိုက်ခဲ့ကြေင်း Ta သတင်းဌာန ဖော်ပြ ချက်အရ သိရသည်။

07 Apr

ADVERTISE HERE .