“မန်းရွှေစက်တော်ဘုရားပွဲတော်သို့ ဘုရားဖူး ၁၈၀,၀၀၀ ကျော်လာရောက်”

07 Apr

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော်ကို ရက်ပေါင်း ၈၆ ရက်ကြာ ကျင်းပလျက်ရှိပြီး ပွဲတော်စတင်တဲ့ ရက်မှ ၇၄ ရက်မြောက်အထိ လာရောက်တဲ့ ဘုရားဖူးအရေအတွက် ၁၈၀,၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ကနေ သိရပါတယ်။ အဆိုပါဘုရားပွဲတော်ကို ယခုနှစ်ဇန်နဝါရီလ ၂၂ ရက်မှ ဧပြီလ ၁၇ ရက်(တပို့တွဲလဆန်း ၅ ရက်မှ မြန်မာ နှစ်ဆန်း ၁ ရက်)အထိ ကျင်းပသွားမှာဖြစ်ပြီး ဘုရားပွဲတော်စတင်ကျင်းပချိန် ဇန်နဝါရီလ ၂၂ ရက်မှ ဧပြီလ ၅ ရက်အထိ လာရောက်ခဲ့တဲ့ ဘုရားဖူးအရေအတွက်ဖြစ်တယ်လို့ သိရပါတယ်။ ဘုရားပွဲတော်သို့ ရန်ကုန်၊ မန္တလေးမြို့ကြီးများအပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးခရီးသွားယာဉ်များအပြင် ကိုယ်ပိုင်ယာဉ်များဖြင့် လာရောက်ကြသလို စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များနှင့် အစိုးရရုံးပိတ်ရက်ကာလများတွင် တည်းခိုဆောင်အခန်းများပြည့်တဲ့အထိ လာရောက်ကြကြောင်း မန်းရွှေစက်တော် ဘုရားဂေါပကအဖွဲ့ထံမှ သိရပါတယ်။ ဒါ့အပြင် ဘုရားဖူးများသွားလာရေး အဆင်ပြေစေရန်အတွက် သောင်ပြင် အတွင်း၌ ယာယီဘေလီ သံပေါင်တံတား(အထူးတံတား)တစ်စင်းကို တပ်ဆင်ဆောက်လုပ်ပေးထားကာ မင်းဘူး-ရွှေစက်တော်၊ ရွှေစက်တော်အခြေပြု တောင်ပေါ်-တောင်အောက်နှင့် ရွှေစက်တော်-ဆင်စခန်း မော်တော်ယာဉ်လိုင်း များကို ပြေးဆွဲပေးနေတယ်လို့လည်း သိရပါတယ်။ (NVS 004)

07 Apr

ADVERTISE HERE .